တံခါးခြောက်ပေါက်မှ စိတ်ဖြစ်ပေါ်ပုံ (သို.) သိမှုဖြစ်ပုံ
ပဋိစ္စသမုပ္ပာဒ် အကြောင်း အကျိုးဖြတ်ရာတွင်၎င်းစိတ်ပေါ်တွင် တင်နေသော ဒိဋ္ဌိကိုသတ်ရာတွင် တံခါးခြောက်ပေါက်မှ စိတ်ဖြစ်ပေါ်ပုံ (သို.) သိမှုဖြစ်ပုံတို.ကို နားလည်ဖို.အရေးကြီးသော ကြောင်.မဟာစည်ဆရာတော် ကောက်နုတ်ချက်မှ တင်ပြထားပါ၏
မြင်သိမှုဖြစ်ပုံ
မျက်စိ,အဆင်း, အလင်း, နှလုံးသွင်းမှု ဤလေးခုရှိမှ မြင်သိမှု ဖြစ်သည်
အဲဒီလေးခု ညီညွတ်မှ မြင်သိမှုဖြစ်တယ်၊ ဒီအထဲက တစ်ခုခုမရှိဘူးဆိုရင် မြင်သိမှု မဖြစ်တော့ဘူး၊ မျက်စိမရှိရင်လည်း မမြင်နိုင်ဘူး၊ အဆင်းမရှိရင်လည်း မမြင်နိုင်ဘူး၊ မျက်စိနဲ့အဆင်း ရှိနေပေမယ့် အလင်းမရှိရင်လည်း မမြင်နိုင်ဘူး၊ အဲဒါတွေအားလုံးရှိပေမယ့် အဆင်းဆီကို ကိုယ်က နှလုံး မသွင်းဘဲ ဒီပြင်ဟာတွေကို နှလုံးသွင်းပြီးတော့စဉ်းစားတွေးတောနေမယ်ဆိုရင်လည်းမမြင် နိုင်ဘူး၊ အဲဒါ မျက်စိ, အဆင်း, အလင်း, နှလုံးသွင်းမှု ဤလေးခုရှိမှ မြင်သိမှုဖြစ်တယ်၊ ဒါကယောဂီ ပုဂ္ဂိုလ် တွေ ရှုရင်း ရှုရင်းနဲ့ သိနေတာပဲ။
ကြားသိမှုဖြစ်ပုံ
ပြီးတော့ နားရယ်၊ အသံရယ်၊ အာကာသ တဲ့၊ နားနဲ့အသံကတော့ မျက်စိနဲ့ အဆင်းလိုပဲ၊ အလင်းနေရာမှာတော့ ဒီမှာအာကာသ၀င်လာတယ်၊ အာကာသဆိုတာ ဟိုအထက်ကောင်းကင်ကြီးကို ပြောတာမဟုတ်ဘူး၊ ဟင်းလင်းပြင်ကိုပြောတာ၊ နားနဲ့အသံရှိနေပေမယ့် နားနဲ့အသံအကြားမှာဟင်း လင်းပြင် အကြားအပေါက်မရှိရင် မကြားရဘူး၊ နားနဲ့အသံကြားမှာဟင်းလင်းပြင် အာကာသဆိုတာ ရှိပါမှ နားကအသံကို ကြားနိုင်တယ်၊ ဒီမှာ နားအသံဟင်းလင်းလို့ ရှိနေတယ်၊ တယ်နေရာမကျတာ နဲ့ အာကာသအမည်နဲ့ သုံးလိုက်ရတယ်၊ အာကာသဆိုလည်းပဲ နားလည်သဘောပေါက်မှာပါပဲ၊နှလုံးသွင်း ရှိဖို့လည်းလိုပါတယ်၊ နှလုံးသွင်းမှု မရှိရင်လည်း အသံကိုမကြားဘူး၊ တစ်ခါခါ စာပါရေးနေ တဲ့အခါဆို ရင် ဘေးနားက လာပြောတာတောင် မကြားဘူး၊ တစ်ခါတစ်ခါ နာရီတီးတာလည်း မကြားလိုက်ဘူး၊ တရားမှတ်လို့ ကောင်းလို့ တရားကို နှလုံးသွင်းနေတဲ့အခါ အသံကို နှလုံးမသွင်းလို့ ဘေးက အသံတွေ ရှိနေပေမယ့် မကြားဘူး၊ အဲဒီလိုပဲ နှလုံးသွင်းမှု ကလည်း အရေးကြီးတယ်၊ အဲဒါ ဆိုရမယ်။
နား၊ အသံ၊ အာကာသ၊ နှလုံးသွင်းမှု-ဤလေးခုရှိမှ ကြားသိမှု ဖြစ်သည်
အဲဒီ အကြောင်းလေးခုစလုံး ပြည့်စုံမှ နားက အသံကိုကြားသိတယ်၊ အဲဒီအကြောင်းလေးခုထဲက တစ်ခုခုလိုနေရင်ကြားသိမှု မဖြစ်နိုင်တော့ဘူး၊ နားလေးနေတဲ့ ပုဂ္ဂိုလ်တွေ၊ နားလုံးလုံးပျက်နေတဲ့ ပုဂ္ဂိုလ်တွေဆိုရင် ဘာမှ မကြားရဘူး၊အသံမရှိရင်ကြားလို့မဖြစ်ဘူး၊ နည်းနည်းလောက်မှ အပေါက်အ ကြား အာကာသမရှိရင်လည်း မကြားရဘူး၊ ဂရုစိုက်ပြီးနှလုံးသွင်းမှုမရှိရင်လည်း မကြားရဘူး။
နံသိမှုဖြစ်ပုံ
အနံ့နံရာမှာလည်း အကြောင်းအင်္ဂါတွေ ရှိတာပါပဲ၊ နှာခေါင်းအနံ့ ဆောင်လေ နှလုံးသွင်းမှု- ဤလေးခုရှိမှ နံသိမှုဖြစ်သည်တဲ့၊ နှာခေါင်းလည်းရှိမှ အနံ့လည်းရှိမှ အနံ့မရှိရင်လည်း မနံနိုင်ဘူး၊ နှာခေါင်းမရှိရင်လည်း မနံနိုင်ဘူး၊ နှာခေါင်းမရှိတဲ့ ပုဂ္ဂိုလ်ကတော့ ရှားပါတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ အနှစ် ၃၀-ကျော် ၄၀လောက်တုန်းက ကိုယ်တော်တစ်ပါးတွေ့ရဖူးတယ်၊ အရင်ကလည်း ပြောခဲ့ဖူးပါပြီ၊ ရွှေဘိုနယ်ပါပဲ၊ ဆိပ်ခွန်ကတော့ မဟုတ်ဘူး၊ ဘုန်းကြီးတို့နေတဲ့ ဆိပ်ခွန်ကျောင်းမှာပဲ လာပြီးတော့ နေပါတယ်၊ ဦးပဉ္စင်းပါပဲ၊ ဘုန်းကြီးတို့ထက် အများကြီးငယ်ပါတယ်၊ အဲဒီကိုယ်တော် တစ်ပါးဟာသူ့မှာ အနံ့မနံဘဲဖြစ်နေတယ်၊ သူ့အစ်ကိုတွေက သူအနံ့နံအောင်ဆိုပြီးတော့ သူ့ခေါင်းအုံးနားမှာ ရေမွှေးတွေ ဆွတ်ဖျန်းထားတာတောင် ဘာမျှမနံဘူး၊ မွှေးလည်းမမွှေး ဘာနံ့မှလည်းမနံဘူးတဲ့၊နှာခေါင်းပုံသဏ္ဌာန် ရှိပေမယ့် နံနိုင်တဲ့ နှာခေါင်းမရှိလို့ မနံတာပဲ၊ သိက္ခာဝါ လေးငါးဝါလောက်ပဲ ရှိပါသေးတယ်၊ သူ့မှာနံနိုင်တဲ့ နှာခေါင်းမရှိတော့ ဘယ်လိုအနံ့ရှိတဲ့ နေရာကိုပဲ သွားသွား မနံတော့ဘူးပေါ့လေ။
နံသိဖို့နေရာမှာ သယ်ဆောင်တဲ့လေလည်း လိုပါတယ်၊ နှာခေါင်းထဲရောက်အောင် သယ်ဆောင်ပေးတဲ့ လေလဲရှိရဦးမယ်၊လေက သယ်ဆောင်မပေးလို့ရှိရင် အနံ့ဟာ နှာခေါင်းထဲကို မရောက်နိုင်ဘူး၊ အနံ့ရှိနေပေမယ့် နှာခေါင်းထဲရောက်မှသာ နှာခေါင်းက အနံ့ကို နံသိနိုင်တယ်၊ ပြီးတော့ နှလုံးသွင်းလည်း ရှိပါမှပဲ၊ နှလုံးသွင်းမှု မရှိရင် မနံနိုင်ပါဘူး၊ ဒီပြင်အာရုံတစ်ခုခုကို စူးစိုက်နေလို့ နှလုံးမသွင်းမိရင် အနံ့နံတယ်လို့ မသိပါဘူး၊ ဒါကိုလည်း ဆိုကြမယ်။
နှာခေါင်း, အနံ့, သယ်ဆောင်လေ, နှလုံးသွင်းမှု, ဤလေးခုရှိမှနံသိမှုဖြစ်သည်
ဒါက နံသိမှုဖြစ်တဲ့အခါ ဒီလို အကြောင်းတွေရှိတယ်ဆိုတာ သိဖို့ပါပဲ၊ ဒီနံသိမှုက ဃာန၀ိညာဉ်တဲ့၊ သူ့အကြောင်းနဲ့သူ ရှိရတယ်။
အရသာသိမှုဖြစ်ပုံ
ဃာန၀ိညာဉ်ဟာ ဆောင်ပုဒ်ကလေးအတိုင်း လေးပါးရှိတယ်ဆိုတာ မှတ်ထားကြရမယ်၊ အကြောင်းမဲ့ဖြစ်တာ မဟုတ်ဘူး၊ အကျိုးရယ်လို့ ဖြစ်ပေါ်လာရင် အကြောင်းဆိုတာ ရှိတာချည်းပဲ။စားသိမှုဆိုတာကလည်း လျှာမကောင်း ရင် အရသာကို မသိနိုင်ဘူး၊ လျှာမကောင်းတဲ့ ပုဂ္ဂိုလ်ကတော့ အင်မတန်ရှားပါတယ်၊တစ်ခါတစ်ရံ လျှာပျက်နေတာကတော့ ရှိပါတယ်။ လုံးလုံးမကောင်းတာကတော့ မရှိသလောက်ပါပဲ၊ အရသာလည်းရှိမှ အဲဒီ အရသာကလည်း လျှာပေါ်ကို ရောက်လာပါမှပြီးတော့ အစိုရည်လေးလည်းရှိမှ လျှာက အစိုရည်နဲ့ရောသွားရမယ်၊ အစိုရည်မရှိဘဲ ခြောက်နေတဲ့ဟာ ဆိုရင်တော့ အရသာမပေါ်ဘူး၊ အရသာ ကလည်း အစိုရည်ရှိလို့ လျှာကအစိုရည်နဲ့ရောမိပြီဆိုရင် အဲဒါ အရသာ ပေါ်လာနိုင်ပါတယ်၊ နှလုံးသွင်း ကတော့ ရှိရမှာပဲ၊ မရှိလို့ မဖြစ်ဘူး၊ ဒါကိုလည်းဆိုကြမယ်။
လျှာ, အရသာ, အစိုအရည် နှလုံးသွင်းမှု၊ ဤလေးခုရှိမှအရသာသိမှု ဖြစ်သည်
အတွေ့အထိသိမှုဖြစ်ပုံ
နောက်ပြီးတော့ ကိုယ်က အတွေ့အထိတဲ့၊ သူကလည်းပဲ အကြောင်းလေးပါးဆုံမှ ဖြစ်တယ်၊ ဒါက ကိုယ်အကြည်တဲ့၊ကိုယ်ဆိုရင် အကောင်အထည်ကြီးမှတ်နေမှာစိုးလို့ အကြည်လေးထည့်လိုက်ရသေး တယ်၊ ဒီပြင် ဆိုခဲ့တာတွေလည်း အကြည်တွေချည်းပါပဲ၊ မျက်စိအကြည်၊ နားအကြည်၊နှာခေါင်းအ ကြည်၊ လျှာအကြည် အဲဒါတွေလည်း အကြည်တွေချည်းပါပဲ၊ အဲဒါတွေကတော့ မျက်စိစသည်ဆိုလိုက် ရင် သဘောပေါက်တယ်၊ နားလည်တယ်၊ ကိုယ်ကျတော့ အကောင်ကြီး လိုက်မှတ်နေမှာစိုးလို့ ကိုယ်အ ကြည်လို့ ထည့်ပြောလိုက်ရတယ်၊ ကာယပသာဒရုပ်အကြည်လေးတွေဆိုတာ နေရာတကာမှာရှိတယ်၊ အဲဒါကိုမျက်စိနဲ့ မမြင်ကောင်းပါဘူး၊ အင်မတန်သိမ်မွေ့တဲ့ သဘောလေးတွေပါပဲ၊ တစ်ကိုယ်လုံး အနှံ့အပြား နေရာတိုင်းမှာ ရှိတယ်၊အတွင်းရော၊ အပြင်ရော၊ အကြောရော၊ အသားရော၊ တစ်ကိုယ် လုံးပါပဲ၊ ဆေးဘက်က ဆရာဝန်တွေကတော့ အတွေ့အထိကိုသိတဲ့ အာရုံကြောလေးဆိုတာ ရှိတယ်၊ အဲဒီအာရုံကြောတလျှောက်မှာ ကိုယ်ရုပ်အကြည်တွေ ပျံ့နှံ့ပြီးတော့ တည်နေတယ်လို့ဒီလိုဆိုရမှာပဲ၊ ထိစရာလည်းရှိမှတဲ့၊ ထိစရာမရှိရင်လည်း မသိနိုင်ဘူး၊ အမာခံလေးလည်း ရှိမယ်၊ အဲဒါပထ၀ီဓာတ် ခေါ်တယ်၊
ပထ၀ီဓာတ် အမာခံကလေးက ကိုယ်အကြည်ရဲ့ တည်ရာဖြစ်တဲ့ အမာခံကလေးပေါ့လေ၊ ပြီးတော့ နှလုံးသွင်းမှုလည်းရှိရမှာပဲ၊ကိုယ်အကြည်ရုပ်မရှိတဲ့ နေရာတွေဆိုတာလည်း ရှိသေးတယ်၊ အဲဒါကတော့ အသားအရေခြောက်နေတဲ့ နေရာတွေလက်သည်းဖျား ခြေသည်းဖျားတွေ ထုံကျဉ်နေတဲ့ နေရာတွေ၊ အဲဒီ နေရာတွေမှာ ထိပေမယ်လို့ မသိနိုင်ဘူး၊ နှလုံးသွင်းမှုဆိုတာကတော့ ရှိရမှာချည်းပဲ၊ ထိပေမယ်လို့ နှလုံးသွင်းမှုမရှိရင်လည်း မသိနိုင်ပါဘူး၊ မြင်တာ ကြားတာတွေကို အာရုံစူးစိုက်နေလို့ နှလုံးမသွင်းမိ ရင် ထိပေမယ်လို့လည်း မသိနိုင်ဘူး၊ အဲဒါကြောင့် ကိုယ်အကြည်ထိစရာ အမာခံ နှလုံးသွင်းမှု ဤလေးခုရှိမှ ထိသိမှုဖြစ်တယ်၊ ကိုင်း-ဆိုကြရမယ်။
ကိုယ်အကြည်, ထိစရာ, အမာခံ, နှလုံးသွင်းမှု၊ ဤလေးခုရှိမှ ထိသိမှုဖြစ်သည်
အဲဒီမှာ ထိစရာဆိုတာက သုံးမျိုးရှိတယ်၊ ပထ၀ီဓာတ်ကတစ်မျိုး၊ တေဇောဓာတ်ကတစ်မျိုး၊ ၀ါယောဓာတ်ကတစ်မျိုး၊အဲဒီသုံးမျိုးပါပဲ၊ ပထ၀ီဖောဋ္ဌဗ္ဗ တေဇောဖောဋ္ဌဗ္ဗ ၀ါယောဖောဋ္ဌဗ္ဗ-လို့လည်းခေါ်တယ်၊ ပထ၀ီဓာတ်ဆိုတာကိုလည်း နှစ်မျိုးခွဲခြားထားသေးတယ်၊ ခက်မာပထ၀ီ နူးညံ့ပထ၀ီတဲ့၊ ဒီလိုနှစ်မျိုးခွဲခြား ထားတယ်၊ နူးညံ့တာကိုထောက်ရင် သူ့ထက်ကြမ်းတမ်းတာကို ခက်မာပထ၀ီလို့ဆိုရတယ်၊ ကြမ်းတမ်းတာကို ထောက်ပြီးတော့လည်း သူ့ထက်နူးညံ့တာကို နူးညံ့ပထ၀ီလို့ ဆိုရတယ်၊သူတို့နှစ်မျိုးကတော့ အရင်းပိုင်း အဖျားပိုင်းလိုပါပဲ၊ ဒါကြောင့် နူးညံ့တာလည်း ပထ၀ီဓာတ်၊ ကြမ်းတမ်းတာလည်း ပထ၀ီဓာတ်ပဲ။
ခုတင်ကို စမ်းကြည့်ရင် တွေ့ရတာဟာ ကြမ်းတမ်းတဲ့သဘော အမာခံသဘောတွေပဲများတယ်၊ ဒါကြောင့် သူ့ကိုခက်မာပထ၀ီလို့ ခေါ်တယ်၊ ကောဋ္ဌာသထဲက ဆံပင် မွေးညင်း၊ ခြေသည်းလက်သည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ခြင်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမြှေး၊ အပြင်၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်တိုင်အောင်အားလုံး ၂၀-ရှိပါတယ်၊ အဲဒါ ပထ၀ီကောဋ္ဌာ သတွေတဲ့၊ အဲဒီထဲမှာ ခက်မာကြမ်းတမ်းတဲ့သဘောတွေရှိတာပဲ၊ နူးညံ့တာတွေလည်း ရှိတာပဲ။
ကတ္တီပါတို့၊ ၀ါဂွမ်းတို့ အဲဒါတွေကတော့ နူးညံ့ပထ၀ီတွေ၊ ဒါလည်းပဲ နူးညံ့တယ် ဆိုပေမယ်လို့ မျက်လုံးထဲ သွားထိလိုက်မယ်ဆိုရင်တော့ သူလည်း ကြမ်းတမ်းတာပဲ၊ ဒါကြောင့် ပထ၀ီဓာတ်ဆိုတာ ခက်မာကြမ်းတမ်းတဲ့သဘော နူးညံ့တဲ့သဘော-တဲ့။
တေဇောဓာတ်ဆိုတာကတော့ ပူမှု အေးမှုပါပဲ၊ ပူလောင်တာလည်း သူပဲ၊ အေးတာလည်း သူပဲ၊ အေးတာကိုထောက်ဆပြီး သူ့ထက်ပူတာကို ပူတယ်၊ ပူတာကို ထောက်ဆပြီး သူ့ထက်အေးတာကို အေးတယ်လို့ဆိုရတာပဲ၊ အဲဒါဘယ်နေရာမှာ ထင်ရှားတုန်းဆိုတော့ ရေမှာထင်ရှားပါတယ်၊ ပကတိရေဆိုရင် အေးတယ်၊ သောက်ရေအိုးထဲကရေဆိုရင် ပိုပြီးတောင်အေးသေးတယ်၊ သောက်ရေအိုးထဲကရေနဲ့ အပြင်ကရေကို နှိုင်းစာကြည့်ရင် အပြင်ရေက နည်းနည်းနွေးတယ်၊ မနှိုင်းမစာဘဲ သူ့ချည်းဆိုရင်တော့ အေးတယ်လို့ဆိုရမှာပဲ၊ သောက်ရေအိုးထဲကရေနဲ့ နှိုင်းစာလိုက်တော့ အပြင်ရေကပူတယ်၊ဒါကြောင့် ပူတယ်၊ အေးတယ်ဆိုတာ သဘောအားဖြင့်တော့ အတူတူပဲတဲ့၊ နောက်ပြီးတော့ သောက်ရေအိုးထဲကရေ အေးတယ်ဆိုပေမယ်လို့ ရေခဲရေနဲ့စာလိုက်ပြန်တော့ ရေခဲရေက ပိုအေးတယ်၊ သောက်ရေထဲကရေက နွေးပြန်တယ်၊ ရေခဲရေကို ကိုင်မိလို့လက်အေးနေရင် ပကတိရေတစ်ခုခုနဲ့ အမြန်ဆေးချလိုက်တဲ့အခါ ချက်ချင်းနွေးသွားတာပဲ၊ ဒါကြောင့် အပူအအေး ဟူသမျှတေဇောဓာတ်ချည်းပါပဲ။
ဝါယောဓာတ်ဆိုတာကတော့ ထောက်ကန်ခြင်း၊ တွန်းကန်ခြင်း၊ တောင့်တခြင်း၊ လှုပ်ရှားခြင်း သဘောရှိတယ်တဲ့၊ကိုယ်ထဲမှာ တောင့်တာတင်းတာ လှုပ်ရှားတာတွေကို တွေ့ရတယ်၊ အဲဒါ ၀ါယောဓါတ် အတွေ့အထိပါပဲ၊ ဖောင်းတယ်ပိန်တယ် ဒီလိုမှတ်တဲ့အခါမှာ ဗိုက်ထဲက တောင့်တာ တင်းတာ တွန်းကန် လှုပ်ရှားတာတွေ အဲဒါ အားလုံးဝါယောဓာတ်တွေပါပဲ၊ ထိုင်တယ် ထိုင်တယ်လို့ မှတ်တဲ့အခါမှာလည်း ကိုယ်ကြီးကော့ပြီးတော့နေတာ အဲဒါဟာလည်း ၀ါယောဓာတ်ပါပဲ၊ဘောလုံးတို့မှ လေခေါင်းအုံးတို့ ဒီလိုတောင့်တင်းနေတာတွေ တော်တော်ရှိပါတယ်၊ အဲဒါတွေအားလုံး ၀ါယောဓာတ်ချည်းပါပဲ၊ဒီတော့ တွေ့ထိစရာဆိုတာ ခက်မာတဲ့သဘော၊ ကြမ်းတမ်းတဲ့သဘော၊ နူးညံ့တဲ့သဘော ပထ၀ီဓာတ် တစ်မျိုး၊ နွေးတာအေးတာ ဒီလိုသဘောရှိတဲ့ တေဇောဓာတ်က တစ်မျိုး၊ တောင့်တင်းတာ တွန်းကန်တာ လှုပ်ရှားတာ ဒီလိုသဘောရှိတဲ့ဝါယောဓာတ်ကတစ်မျိုး၊ ကိုယ်ထဲမှာပဲ ဖြစ်ဖြစ် အပြင်ဘက်မှာပဲဖြစ်ဖြစ် အဲဒီတွေ့ထိစရာတွေကို သိရမယ်တဲ့၊ အမာခံဆိုတာကတော့ ကိုယ်အကြည်ရုပ်ရဲ့ တည်ရာအမာခံပထ၀ီဓာတ်ပဲ၊ ဒါကတော့ မရှိဘဲမနေဘူး၊ ရှိတာပဲကိုယ်အကြည်, ထိစရာ,အမာခံ, နှလုံးသွင်းမှု ဤလေးခုရှိမှ ထိသိမှုဖြစ်သည်တဲ့၊ ထိသိမှုနေရာမှာလည်း ဒီလေးခုရှိမှ ထိသိမှုဖြစ်နိုင်ပါတယ်။
ကြံသိမှုဖြစ်ပုံ
နောက်ပြီးတော့ စိတ်ကူးကြံစည်မှုတဲ့၊ စိတ်ကူး ကြံစည်မှုကျတော့လည်းပဲ အကြောင်းလေးပါးပဲတဲ့၊ ဘာတွေတုန်းဆိုလို့ရှိရင် ဘ၀င်စိတ်, ထင်ပေါ်သည့်အာရုံ, မှီရာရုပ်, နှလုံးသွင်းမှု ဤလေးခုရှိမှ ကြံသိမှုဖြစ်တယ်တဲ့၊ အဲဒီ လေးခုပါပဲ၊
အဲဘ၀င်စိတ်ဆိုတော့ မန-လို့ ခေါ်တယ်၊ ၀ီထိစိတ်ဖြစ်ရာမို့လို့ မနောဒွါရလို့လည်း ခေါ်တယ်၊ ဘ၀င်စိတ်ဆိုတာ ရှိတာချည်းပဲ၊ပုဂ္ဂိုလ်တိုင်းမှာပဲ ဒီဘ၀င်စိတ်က ရှိရတယ်၊ သူမရှိလို့မဖြစ်ဘူး၊ ဒါပေမယ့် သူ့ဟာသူ အိပ်မောကျသလို အစဉ်မပြတ်ဖြစ်နေတဲ့ဘ၀င်ဆိုရင် ကြံသိမှု ဖြစ်ခြင်းရဲ့ အကြောင်းမဟုတ်ဘူး၊ သူကတော့ အားနည်းနေတယ်လို့ ဆိုတယ်၊ ပဋိသန္ဓေစိတ်က အာရုံဉပတဲ့ကံ ကမ္မနိမိတ်၊ ဂတိနိမိတ် အာရုံတစ်ခုခုကို အာရုံဉပပြီးတော့ ငြိမ်သက်နေတာပဲ၊ အဲ သူက အားနည်းတယ်တဲ့၊ ယခုလောလောဆယ်ဖြစ်နေတဲ့ အာရုံတွေကို ယူနိုင်လောက်အောင် အားမရှိဘူး၊ အားမပေးနိုင်ဘူးတဲ့၊ အခုဘ၀င်စိတ် ကတော့အခုပေါ်လာတဲ့အာရုံကို ဆင်ခြင်နိုင် လောက်အောင် အားရှိလာတဲ့ ဘ၀င်စိတ်တဲ့၊ အဲဒါ ဘ၀င်္ဂစလန ဘ၀င်္ဂုပစ္ဆေဒဆိုတဲ့ဘ၀င်တွေပါပဲ၊ ကြံသိစိတ် ဖြစ်တော့မယ်ဆိုရင် လှုပ်သလိုလိုဖြစ်လာတဲ့ ဘ၀င်ရယ်၊ နောက်ဘ၀င် တစ်ခုက နောက်ထပ်ဘ၀င်အစဉ်ဖြစ်ခွင့်မပေးဘဲ ဘ၀င်အစဉ်ကို ဖြတ်ပစ်တဲ့ ဘ၀င်ရယ်၊ အဲဒီဘ၀င် တွေကမှ ကြံသိစိတ်ဖြစ်ခြင်းရဲ့ အကြောင်းတဲ့၊
အဲဒီ ဘ၀င်တွေကနေပြီးတော့ ကြံသိစိတ်တွေဖြစ်လာတယ်၊ ဒီမှာ ဘ၀င်စိတ်ဆိုတာဟာ အဲဒီ ဘ၀င်စိတ်တွေကိုဆိုတာပဲ၊ထင်ပေါ်သည့် အာရုံဆိုတာကတော့ မြင်ပြီးသား အာရုံလည်းပေါ်နိုင်တယ်၊ ကြားပြီးသားအာရုံလည်း ပေါ်နိုင်တယ်၊နံပြီးသား,စားပြီးသား,တွေ့ထိပြီးသားအာရုံ၊အဲဒီအာရုံတွေလည်း ပေါ်နိုင်တာပဲ၊ ဒီပြင် အလွတ်လည်းပဲ စိတ်ကူးကြံစည်ပြီးရလာတဲ့အာရုံတွေ အမျိုးမျိုးပေါ့၊ ပရမတ်ရော၊ ပညတ်ရောစုံလို့ပေါ့၊ စိတ်ကူးကြံစည်တာထဲပေါ်လာတဲ့ အာရုံတွေကတော့ပြည့်လို့ပါပဲ၊ ပြီးတော့ မှီရာရုပ်တဲ့၊ စိတ်ကူးစဉ်းစား ကြံစည်တဲ့စိတ်ကလည်းပဲ ရုပ်ကိုမှီပြီးတော့ဖြစ်တယ်တဲ့၊ အဋ္ဌကထာဆရာများက ဟဒယ၀တ္ထုရုပ်ကို မှီတယ်လို့ဆိုပါတယ်၊ ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ သူက မှီရာရုပ်ပဲ၊ ဒီမှာ သာမညပဲထားလိုက်ပါတော့၊ ငြင်းစရာမရှိအောင် ဘုန်းကြီးက ဒီလောက်ပဲ ထားလိုက်ပါတယ်၊ မှီရာရုပ်ရှိမှလည်း စိတ်ကူးကြံစည်မှု ဖြစ်တယ်၊
ရုပ်မရှိရင် စိတ်ကူးကြံစည်မှုမဖြစ်နိုင်ဘူး၊ ပြီးတော့ နှလုံးသွင်းမှုတဲ့၊ နှလုံးသွင်းမှုက ဆင်ခြင်မှုလေး ပါပဲ၊ နှလုံးသွင်းမှုဤလေးခုရှိမှ ကြံသိမှုဖြစ်တယ်ကိုင်းဆိုရမယ်။ဘ၀င်စိတ်ထင်ပေါ်သည့်အာရုံ,မှီရာရုပ်, နှလုံးသွင်းမှု၊ ဤလေးခုရှိမှကြံသိမှု ဖြစ်သည်စဉ်းစားကြံစည်မှု ဖြစ်တဲ့အခါ အကြောင်းဘယ်နှစ်ခုရှိတုန်းဆိုရင် လေးခုရှိတယ်၊ ဘာတွေတုန်း ဆိုရင် ဘ၀င်စိတ်ကတစ်ခု၊ ဘ၀င်စိတ်ဆိုတာ လှုပ်ရှားလာတဲ့ဘ၀င်ကို ပြောတာ၊ ရိုးရိုးအိပ်မောကျနေတဲ့ ဘ၀င်ကိုပြောတာမဟုတ်ဘူး၊ အိပ်မောကျနေတဲ့အခါ အာရုံမပေါ်ဘူး၊ နိုးတဲ့အခါမှသာ အာရုံထင် ပေါ်တယ်လို့ ဆိုတယ်၊ ဒါလည်းနားလည်ဖို့ မလွယ်လှ ပါဘူး၊စာထဲပေထဲပါလို့ အဲဒီအတိုင်း ထင်ပေါ်တယ်လို့ ပြောရတာပဲ၊ မျက်စိထဲ အဆင်း ထင်ပေါ်တာတို့၊ နားထဲ အသံထင်ပေါ်တာတို့ ဒါတွေကတော့ ထင်ရှားတယ်၊ ဘ၀င်စိတ်ပေါ်မှာ အာရုံ ထင်ပေါ်လာတယ် ဆိုတာကတော့ ကျမ်းဂန် အနေအားဖြင့်သာ မှတ်ထားရတယ်၊ ဒါကိုသိဖို့ရာ မလွယ်ပါဘူး၊ အာရုံဟာ စိတ်ကူးလိုက်ရင် ပေါ်လာတာချည်းပဲ၊ စိတ်မကူးရင်မပေါ်ဘူး၊ ဒါကတော့ ထင်ရှားပါတယ်၊ ပြီးတော့ မှီရာရုပ်တဲ့၊ အခု ကြံသိတဲ့စိတ်ရဲ့ မှီရာရုပ်ကို အဋ္ဌကထာ ဆရာကနှလုံးသွင်းရုပ်လို့ ဆိုတယ်။ နှလုံးသွေးထဲမှာ တည်နေတဲ့ရုပ်ဟာ မှီရာရုပ်တဲ့၊ မှီရာရုပ် နှလုံးသွင်းမှု ဤလေးခုရှိမှ ကြံသိမှုဖြစ်တယ်။

0 comments:
Post a Comment