ရောဂါပိုးများအကြောင်း အမေးအဖြေ
ဒေါက်တာဦးမြင့်ဆွေ၏ မေးမြန်းလျှောက်ထားချက်များနှင်. မဟာစည်ဆရာတော်၏အဖြေ
မေး။ ။ဆေးပညာအားဖြင့် တွေ့ရှိရသော ရောဂါပိုးကောင်ကလေးများမှာ တကိုယ်မှနှစ်ကိုယ်၊ နှစ်ကိုယ်မှလေးကိုယ်၊ လေးကိုယ်မှ ရှစ်ကိုယ်၊ ရှစ်ကိုယ်မှ တဆယ့်ခြောက်ကိုယ် စသည်အားဖြင့် တိုးပွား များပြားလာပါသည်။ သူ့အလိုလို သေသည်ဟူ၍ မရှိပါ။ ထိုပိုးကောင်များမှာ အကြောင်းကံတရား ရှိပါသလား
ဖြေ။ ။(က) ဗုဒ္ဓတရားတော်အရ ကာမဘုံက သတ္တ၀ါမှာ စိတ်ဝိညာဉ်သည် ပဓာနအင်္ဂါဖြစ်၏။ ၎င်းင်းစိတ်ဝိညာဉ်မှာတကိုယ်က နှစ်ကိုယ် ခွဲမထွက်နိုင်။ ထို့ပြင် သတ္တ၀ါမှန်လျှင် သူ့ဘ၀အားလျော်စွာ အသက်တမ်း ရှိ၏။ ထိုအသက်တမ်းကုန်လျှင် သေကြေပျက်စီးရ၏။ မေးခွန်း၌ ဖေါ်ပြထားသော ရောဂါပိုးအချို့မှာ မွေးထုတ်ခြင်းမျိုး မရှိပါဘဲ တကိုယ်မှနှစ်ကိုယ်နှစ်ကိုယ်မှ လေးကိုယ်၊ လေးကိုယ်မှ ရှစ်ကိုယ် စသည်ဖြင့် ပွားလာသည်ဟု ဆိုသောကြောင့်၎င်းင်း၊ ဘယ်တော့မှ သူ့အလိုလိုမသေဟု ဆိုသောကြောင့်၎င်းင်း ဆေးပညာအရ ပိုးဟုခေါ်ရသော်လည်း ဗုဒ္ဓတရားတော်အရအားဖြင့်မူ ၎င်းတို့ကို သတ္တ၀ါဟုအသိအမှတ်မပြု ဥပမာ-တပင်တည်းမှ အကိုင်းများကို ဖြတ်၍ ခွဲစိုက်လျှင် အပင်အသီးအသီးဖြစ်နိုင်သော သစ်ပင်ရုပ်ကဲ့သို့၎င်း၊ ဘယ်တော့မှ မသေပျက်နိုင်သော သံချေးများ ကြေးညှိများ ကျောက်ခက်များကဲ့သို့၎င်း၊ ခွဲတိုင်းလည်းရ သေလည်းမသေနိုင်သော ပြဒါးရုပ် ရေရုပ်ကဲ့သို့၎င်း ရုပ်အထူးများဟူ၍သာ အသိအမှတ်ပြုအပ်၏။ ထို့ကြောင့် ထိုသို့သော ရောဂါပိုးများမှာ မည်သည့်ကံ အကြောင်းနှင့်မျှ မသက်ဆိုင်၊ ရောဂါ စွဲမည့် ပုဂ္ဂိုလ်၏ အကုသိုလ်ကံ အကြောင်းအားလျော်စွာဥတုကြောင့် ဖြစ်ပေါ်သော ကမ္မပစ္စယ ဥတုဇရုပ်များဟူ၍သာ သိအပ်၏။
ရောဂါပိုးများကိုသတ်လျှင်ပါဏာတိပါတကံထိုက်သလား
မေး။ ။(ခ) အနောက်တိုင်း ဆေးပညာအရ ကြောက်မက်ဘွယ်ကောင်းသော ရောဂါပိုးမွှားများကြောင့် ဖြစ်ကြသည်ကို ကမ္ဘာ့သမားတော်ကြီးများစွာတို့က သက်သေထုတ်ကြပြီးလျှင် ကမ္ဘာသို့ တင်ပြခဲ့ကြပါသည်။ ထိုရောဂါပိုးများကိုနှိမ်နင်းသတ်ဖြတ်ရန် ဆေးများကို ရှာဖွေကြသောအခါ ကာလသားရောဂါအတွက် သတ်ရန် စိန်ပါသည့် အားစနစ်(Arsenic)ခေါ် ထိုးဆေး၊ နမိုးနီးယား ရောဂါပိုးများ သတ်ရန်အတွက် ပယ်နင်စလင် (Penicillin) ထိုးဆေး၊ တီဘီပိုးများသတ်ရန်အတွက် စဘရက်တိုမိုင်ဆင် (Streptomycin) ထိုးဆေးများနှင့် အခြားဆေးများကို ရရှိခဲ့ကြပါသည်။ ၎င်းင်းဆေးများနှင့် လူမမာတို့အား ထိုး၍ကုသတိုင်း ကုသတိုင်း ဆရာဝန်များသည် ရောဂါပိုးများကို သတ်ရာ ရောက်ရှိနေကြပါသည်။ထို့အတွက် ပါဏာတိပါတကံ ထိုက်ပါသလား။
(၎င်းင်းရောဂါပိုးကလေးများသည် မြေအပြင်၌ တွေ့ကြရသော ပိုးမွှားတို့ကဲ့သို့ပင် လူးလာလှုပ်ရှားသွားလာ စားသောက်နေကြသောကြောင့် သက်ရှိသတ္တ၀ါတမျိုး ဟူ၍ ခေတ်ဆေးပညာအရ ယူဆကြပါသည်။)
ဖြေ။ ။အဖြေ၌ ပြခဲ့သော ရောဂါပိုးမျိုးဖြစ်လျှင် ၎င်းင်းတို့မှာ ဗုဒ္ဓတရားတော်အရ ပါဏဟုမဆိုအပ်သောကြောင့် ၎င်းင်းတို့ကို ပျက်စီးစေခြင်းဖြင့် ပါဏာတိပါတကံ မထိုက်။အကယ်၍ ပကတိမျက်စိဖြင့် မြင်တွေ့နေရသော အခြားပိုးများကဲ့သို့ သန္ဓေတည်ပြီး မွေးခြင်း,အသက်တမ်း အလိုက်သေခြင်းများ ရှိပါမူ ထိုသို့သော ပိုးများမှာ ပါဏပင်ဖြစ်ရာ၏။ ထို့ကြောင့် ထိုပိုးများကို သတ္တ၀ါဟု အမှတ်ရှိလျက်သေအောင်ဉပလုပ်ခြင်းဖြင့် ၎င်းင်းတို့ သေပျက်သွားလျှင်ပါဏာတိပါတ ကံထိုက် သည်ဟု ယူအပ်၏။ သို့သော် ပါဏာတိပါတကံသည် သီလစသော ကုသိုလ်ဂုဏ်ရှိသူကို သတ်လျှင် အပြစ်ကြီး၏။ ဂုဏ်မရှိသူကို သတ်လျှင် အပြစ်ငယ်၏။ သို့ဖြစ်၍ဘာဂုဏ်မျှ ရှိမည် မဟုတ်သော ထိုပိုးကလေးများကို သတ်ခြင်းမှာ အလွန်ပင် အပြစ်သေးငယ်ရာ၏။ အကယ်၍ ထိုပိုးများသေခြင်းကို အာရုံမထားဘဲရောဂါ ပျောက်ကင်းခြင်းကိုသာ ရည်မျှော်၍ ဆေးပေးလျှင် ဖြစ်စေ ၎င်းတို့ကို ၀ိညာဉ်အသက်ရှိသော သတ္တ၀ါမဟုတ်ဟု အမှတ်ရှိလျှင်ဖြစ်စေ မိမိဆေးကြောင့် ၎င်းတို့သေသော်လည်း ပါဏာတိပါတကံ မထိုက်ဟုယူအပ်၏။

0 comments:
Post a Comment