မဖောက်မပြန်ဟုတ်မှန်သောဂုဏ်ရှစ်ပါး

မဖောက်မပြန်ဟုတ်မှန်သောဂုဏ်ရှစ်ပါး
၁-ထိုမြတ်စွာဘုရားသည် လူအများ၏ စီးပွားချမ်သာ အလို့ငှာလောကကို စောင့်ရှောက်ရန် အလို့ငှာ နတ်လူတို့၏အကျိုးစီးပွားချမ်း သာအလို့ငှာ ကျင့်တော်မူပါပေ၏။ ဤသို့ လူအများ၏ စီးပွားချမ်သာ အလို့ငှာလောကကို စောင့်ရှောက်ရန်အလို့ငှာ နတ်လူတို့၏ အကျိုးစီးပွားချမ်းသာ အလို့ငှာ ကျင့်တော်မူသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့ မတွေ့မြင်ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။

၂-ထိုမြတ်စွာဘုရား၏ တရားတော်သည် ကောင်းစွာဟောထားသော တရားတော်ပါပေတည်း။ ကိုယ်တိုင်သိမြင်နိုင်သော တရားတော် ပါပေတည်း။ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါပေတည်း။ လာလှည့် ရှုကြည့်လှည့်ဟု ဖိတ်ခေါ်ထိုက်သော တရားတော် ပါပေတည်း။ (မိမိကိုယ်ထဲစိတ်ထဲ၌) ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း။(အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်ငှသိနိုင် ခံစားနိုင်သော တရားတော်ပါပေးတည်း။ ဤသို့ (မိမိကိုယ်ထဲစိတ်ထဲ၌) ဆောင်ယူထားထိုက်သော တရားတော်ကို ဟောကြားတော်မူသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့မတွေ့မြင်ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။

၃-ထိုမြတ်စွာဘုရားသည် ဤကား ကုသိုလ်တည်းဟု ကောင်းစွာဖော်ပြတော်မူပါပေ၏။ ဤကားအကုသိုလ် တည်းဟု ကောင်းစွာ ဖော်ပြတော်မူပါပေ၏။ ဤကား အပြစ်ရှိ၏။ ဤကား အပြစ်မရှိ။ ဤကား မှီဝဲအပ်၏။ ဤကား မမှီဝဲအပ်။ ဤကား ယုတ်၏။ ဤကားမြတ်၏။ ဤကား မည်းညစ်သောအဖို့၊ ဖြူစင်သောအဖို့ရှိ၏ ဟု ကောင်းစွာဖော်ပြတော်မူပါပေ၏။ဤသို့ ကုသိုလ် အကုသိုလ် အပြစ်ရှိ အပြစ်မရှိ မှီဝဲအပ် မမှီဝဲအပ် အယုတ် အမြတ် မည်းညစ်သောအဖို့ ဖြူစင်သော အဖို့ရှိသော တရားတော်တို့ကို ဖော်ပြတော်မူသည့် ဤအင်္ဂါနှင့် ပြည့် စုံသော ဆရာကို ရှေးကလည်း ငါတို့မတွေ့မြင်ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။

၎- ထိုမြတ်စွာဘုရားသည် တပည့်တို့အား နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကို ကောင်းစွာ ဖော်ပြတော်မူပါပေ၏။ နိဗ္ဗာန်နှင့် အကျင့်သည် နှီးနှောဆက်စပ်လျက်ရှိပါပေ၏။ ဥပမာအားဖြင့် ဂင်္ဂါမြစ်ရေသည် ယမုနာမြစ်ရေနှင့် နှီးနှောဆက်စက်လျက်တပေါင်းတည်းဖြစ်သကဲ့သို့ ဤအတူပင် ထိုမြတ်စွာဘုရားသည် တပည့်တို့အား နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကို ကောင်းစွာဖော်ပြတော်မူပါပေ၏ ။ နိဗ္ဗာန်နှင့် အကျင့်သည် နှီးနှောဆက်စပ်လျက်ရှိပါပေ၏။ ဤသို့ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကို ဟောကြားတော်မူသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့မတွေ့မြင်ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။

၅-ထိုမြတ်စွာဘုရားအား လာဘ်သပ်ပကာ အကျော်အစောသည် မင်းများပင်ဝမ်းသာအားရ ဖြစ်နေကြသည်ဟု ထင်ရလောက်အောင် အလွန်ပြည့်စုံပါပေ၏။ သို့သော်လည်း ထိုမြတ်စွာဘုရားသည်ကား မာန်ယစ်ခြင်းကင်းလျက် အစာအာဟာရကို ဘုန်းပေးတော်မူ ပါပေ၏။ ဤသို့ မာန်ယစ်ခြင်းကင်းလျက် အစာအာဟာရကို ဘုန်းပေးတော်မူသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့မတွေ့မြင် ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။

၆-ထိုမြတ်စွာဘုရားသည် ကျင့်ဆဲသေက္ခပုဂ္ဂိုလ်နှင့် ကျင့်သုံးပြီး ရဟန္တာပုဂ္ဂိုလ်ဟူသော အဖော်များရှိနေပါသော်လည်း ထိုအဖော်များကို စွန့်ခွာ၍ တပါးတည်းမွေ့လျော်လျက် နေတော်မူပါပေ၏။ ဤသို့ တပါးတည်းမွေ့လျော်သည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးက လည်း ငါတို့မတွေ့မြင်ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။

၇-ထိုမြတ်စွာဘုရားသည် ဟောပြောသည့်အတိုင်းပြုကျင့်လေ့ရှိတော်မူပါပေ၏။ ပြုကျင့်သည့် အတိုင်းဟောပြောလေ့ရှိပါပေ၏။ ဤသို့ ဟောပြောသည့်အတိုင်းပြုကျင့်လေ့ရှိ၍ ပြုကျင့်သည့် အတိုင်းဟောပြောလေ့ရှိလျက် ဤနည်းဖြင့်(လောကုတ္တရာ)တရား အားလျော်သော အကျင့်ကို ကျင့်သည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့မတွေ့မြင်ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။

၈-ထိုမြတ်စွာဘုရားသည် မြတ်သော မှီရာဖြစ်သော အာဒိဗြဟ္မစရိယဖြင့် အလုံးစုံသော တရားတို့၌ ယုံမှားခြင်း ၀ိစိကိစ္ဆာခရီးခဲကို ကူးမြောက်ပြီးဖြစ်တော်မူပါပေ၏။ သို့လောသို့လော တွေးတောခြင်းကင်းပြီးဖြစ်တော်မူပါပေ၏။ အလုံးစုံပြီးမြောက်သော နှလုံးအလို ရှိတော်မူပါပေ၏။ ဤသို့ မြတ်သော မှီရာဖြစ်သော အာဒိဗြဟ္မစရိယဖြင့် အလုံးစုံသော တရားတို့၌ ယုံမှားခြင်း ၀ိစိကိစ္ဆာခရီးခဲကို ကူးမြောက်ပြီးဖြစ်လျက် သို့လောသို့လော တွေးတောခြင်း ကင်းပြီးဖြစ်လျက် အလုံးစုံပြီးမြောက်သော နှလုံးအလို ရှိသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့မတွေ့မြင်ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။
(မဟာဝဂ်ပါဠိတော်၊ ၆-ဂေါဝိန္ဒသုတ်)

0 comments:

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP