လောကအကြောင်း

လောကဆိုသည်မှာ ရုပ်နာမ်လောကကိုဆိုလိုပါသည်။အကျယ်ဖွင်.သော် ၃မျိုးတွေ.နိုင်ပါသည်။

သြကာသလောက၊ သတ္တလောကနှင့် သင်္ခါရလောကကို လောကသုံးပါးဟုခေါ်သည်။ ဘုရားရှင်သည် လောကသုံးပါးကို ပိုင်းပိုင်းခြားခြား ပြတ်ပြတ်သားသား သိတော်မူသော ပုဂ္ဂိုလ်ဖြစ်သည်။ အလုံးစုံကို သိသောဥာဏ် (သဗ္ဗညုတဥာဏ်) နှင့် ဆင်ခြင်၍ သိသည်။ သဘာဝတရားများကို လေ့လာလျှင် လောကသုံးပါးကို အခြေခံအားဖြင့် သိရန် လိုအပ်သည်။ လောကသုံးပါး တွင် သြကာသလောကမှ စ၍ လေ့လာလျှင် သဘောပေါက်လွယ်သည်။

(၁) သြကာသလောက

သြကာသလောကဆိုသည်မှာ သတ္တ၀ါတို့၏ တည်နေရာလောကဖြစ်သည်။ လူနှင့် တိရစ္ဆာန်တို့၏ နေရာ ဤကမ္ဘာသည် မျက်စိနှင့် မြင်ရသော တည်ရာလောက(သြကာသလောက)ဖြစ်သည်။ လူတို့နေရာကမ္ဘာသည် ဤတစ်ခုတည်းပဲလား၊ အခြားတွင်ရှိသေးလား။ ဗုဒ္ဓဒေသနာတော်တွင် ကမ္ဘာလောကနှင့် ပတ်သက်၍ ဤသို့ဖော်ပြထားသည်။ နေ၊လနှင့် ကမ္ဘာသည် တစ်ခုတစ်ဖွဲ့ဖြစ်သည်။ ဤတစ်ဖွဲ့ကို လောကဓာတု (လောကဓာတ်) တစ်ထောင်အဖွဲ့ဟု ခေါ်သည်။ (စူဠသဟဿလောကဓာတု) ဟုခေါ်သည်။ အငယ်စားတစ်ထောင်အဖွဲ့တွင် နေပေါင်းတစ်ထောင်၊ လပေါင်းတစ်ထောင်၊ ကမ္ဘာပေါင်းတစ်ထောင်ပါဝင်သည်။ ထိုအငယ်စား တစ်ထောင်အဖွဲ့ပေါင်းတစ်ထောင် (၁၀၀၀_၁၀၀၀) ကို အလတ်စားတစ်ထောင်အဖွဲ့ (မဇ္ဈမသဟဿီလောကဓာတု) ဟုခေါ်သည်။ ဤအလတ်စားတစ်ထောင်အဖွဲ့တွင် နေတစ်သန်း၊ လတစ်သန်း၊ ကမ္ဘာတစ်သန်း ပါဝင်သည်။ ထိုအလစ်စားတစ်ထောင်အဖွဲ့ပေါင်းတစ်ထောင် (၁၀၀၀ _ ၁၀၀၀_ ၁၀၀၀) ပါဝင်သော အဖွဲ့ကို အကြီးစားလောကဓာတ် တစ်ထောင်အဖွဲ့ (မဟာဟဿီလောကဓာတု) ဟု ခေါ်သည်။ အကြီးစားတစ်ထောင် အဖွဲ့တွင် နေ သန်းပေါင်းတစ်ထောင်၊ လသန်းပေါင်း တစ်ထောင်၊ ကမ္ဘာသန်းပေါင်း တစ်ထောင်ပါဝင်သည်။ ဤကဲ့သို့ သန်းပေါင်းတစ်ထောင်ပါဝင်သော သတ္တတို့၏နေရာ သြကာသလောက၏ အနေအထားဖြစ်သည်။ အရေအတွက်အားဖြင့် များပြားလွန်း၍ မရေတွက်နိုင်သဖြင့် အနန္တဟုခေါ်သည်။

(၂) သတ္တလောက

စူဠနိကာသုတ်တွင် ဖော်ပြထားသည်မှာ ဤကမ္ဘာပေါ်တွင် ကျွန်းကြီးများသမုဒ္ဒရာကြီးများရှိသကဲ့သို့ အခြားနေစကြ၀ဠာများရှိ ကမ္ဘာများပေါ်တွင်လည်း သမုဒ္ဒရာကြီးများနှင့် ကျွန်းကြီးများရှိသည်။ လူများလည်း နေထိုင်ကြသည်။ သို့ဖြစ်၍ အနန္တစကြ၀ဠာတွင် ကမ္ဘာပေါင်းလည်း အနန္တရှိသည်။ ထိုမရေတွက်နိုင်သော ကမ္ဘာများတွင်လည်း လူနှင့် သတ္တ၀ါများ အနန္တရှိသည်။ သတ္တလောကအကြောင်းကို ရုပ်၊နာမ်၊ ကံတို့၏ အကြောင်းတွင် အကျယ်ဖော်ပြမည်။
(၃) သင်္ခါရလောက

သင်္ခါရလောကဆိုသည်မှာ သြကာသလောကကြီးနှင့် သတ္တလောကကြီးတွင် ဖြစ်ပျက်ပြောင်းလဲ လှုပ်ရှား ပြေးလွှားနေသည့် အကြောင်းများကို ဖော်ပြခြင်းပင်ဖြစ်သည်။ ဤကမ္ဘာသည် နေကိုပတ်၍ တစ်နာရီလျှင် မိုင် (၆၆၆၈၆)မိုင် နှုန်းဖြင့် ပြေးလွှားလှည့်ပတ်နေသည်။ ဤကမ္ဘာအပါအ၀င် နေနှင့် ဂြိုလ်များသည် ဤဂယ်လက်စီအတွင်းတွင် တစ်နာရီလျှင် မိုင်ပေါင်း (၅၄၀၀၀၀) နှုန်းနှင့် ပြေးလွှားလှည့်ပတ်နေရသည်။ ဤနေအပါအ၀င် နေတွဲကြီး(ဂယ်လက်စီ) သည် အခြားဂယ်လက်စီများနည်းတူ အလွန်လျှင်မြန်သောနှုန်းနှင့် ပြေးလွှားနေသည်။ သို့ဖြစ်၍ သြကာသလေကကြီး တစ်ခုလုံးသည် ဘယ်နေရာ၊ ဘယ်ဌာနတွင် တည်ရှိနေသည်ဟု မပြောနိုင်ချေ။ စက္ကန့်တိုင်း၊ စက္ကန့်တိုင်း အာကာသထဲတွင် လှုပ်ရှား ပြေးလွှားနေကြသည်။ ဤကဲ့သို့ ပြေးလွှားနေရုံနှင့် မကသေး နေလုံးတိုင်း၊ နေလုံးတိုင်းကလည်း စက္ကန့်တိုင်း၊ စက္ကန့်တိုင်းတွင် လောင်ကျွမ်းပျက်စီးနေသည်။ မရပ်မနားဖြစ်ပျက်ပြောင်းလဲနေကြသည်။ ထိုသြကာသလောကတွင် ရှိနေသော သတ္တ၀ါအသီးသီးသည် မရပ်မနားဖြစ်ပျက်ပြောင်းလဲနေကြသည်။ ဤကဲ့သို့ သြကာသလောကနှင့် သတ္တလောကတို့ မရပ်မနားဖြစ်ပျက်ပြောင်းလဲနေခြင်းကို သင်္ခါရလောကဟုခေါ်သည်။ ဤကဲ့သို့ . .. သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက လောကသုံးပါးအကြောင်းကို သိတော်မူသောကြောင့် ဘုရားရှင်သည် လောက၀ိဓူဟူသော ဂုဏ်တော်ကို ခံယူတော်မူရသည်။ အရာခပ်သိမ်းကို သိမြင်တော်မူသော သဗ္ဗညုတဉာဏ်တော်၏ ကြီးကျယ်ပုံကိုလည်း သဘောပေါက်နားလည်ရပါသည်။ ဤနည်းအားဖြင့် သဘာဝတရားကို လေ့လာတွက်ချက်ထားသော သိပ္ပံပညာရပ်များ၏ အထောက်အကူကို ရ၍ ဘုရားရှင်၏ ထူးခြားနက်ရှိုင်းသော ဒေသနာတော်များကို ပိုမိုရှင်းလင်းစွာ သဘောပေါက်နားလည်ကြရပါသည်။ ဤသည်မှာ လောကသုံးပါးနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သော အချက်အလက်အချို့ဖြစ်ပါသည်။

မကြံစည်ကောင်း မကြံစည်အပ် ၄ မျိုး

၁။ ဗုဒ္ဓ၀ိသယော အစိန္တေယျော န စိန္တေတဗ္ဗော
ဘုရားရှင်နှင့် ပါတ်သက်ပြီး သည်လိုသာဖြစ်သင့်တယ်၊ သည်လိုတော့ မဖြစ်သင့်ဘူးဟု မကြံစည်ကောင်း မကြံစည်ပါလေနှင့် ဟူ၍ဖြစ်သည်

၂။ ဈာန၀ိသယော အစိန္တေယျော န စိန္တေတဗ္ဗော
ဈန်တန်ခိုးအရာနှင့်ပါတ်သက်၍လည်း ဤသို့သာဖြစ်သင့်သည် ဤသို့ဖြစ်သင့်သည်ဟု မတွေးတော မကြံစည်အပ်၊ မကြံစည်ကောင်းဟူ၍ တွေ့ရပါသည်

၃။ ကမ္မ၀ိသယော အစိန္တေယျော န စိန္တေတဗ္ဗော
ကံတရားနှင့် ပါတ်သက်၍လည်း ဤသို့သာ ဖြစ်သင့်သည်၊ ဤသို့ မဖြစ်သင့်ဟု မတွေးခေါ် မကြံစည်အပ်လှပေ။

၎။ လောက၀ိသယော အစိန္တေယျော န စိန္တေတဗ္ဗော
ကောကကြီး အကြောင်းနှင့် ပါတ်သက်၍လည်း ။ ဤသို့သာဖြစ်သင့်သည် ၊ ဤသို့ကား မဖြစ်သင့်ဟု မကြံစည် မတွေးဆကောင်း ဟူ၍ တွေ့ရပါသည်။

0 comments:

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP