ဗုဒ္ဓ သဘာဝဓမ္မအား သိပ္ပံပညာဖြင့် ချဉ်းကပ်လာနိုင်ခြင်း

စကားဦး။ ။ ဗုဒ္ဓ၏ သဘာဝဓမ္မဒေသာနာတော်များကို သိပ္ပံပညာဖြင့် နှိုင်းယှဉ်၍ လူ့သဘာဝဓမ္မဖြစ်သော ရုပ်အဖွဲ့အစည်းနှင့် စိတ်အဖွဲ့အစည်း တို့၏ ဖြစ်ပေါ်ပြောင်းလဲနေသော သဘာဝတရားအား ထိုးထွင်းသိမြင်နိုင်ရန် အာသီသပြုလျက် ဆရာကြီး ဦးဌေးအောင် ဟောကြားဆုံးမချက်များကို ဒေါက်တာတစ်ဦး၏ စုစည်းမူ့ဖြင့် တင်ပြထားသော စာအုပ်ကို ကိုးကားဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သဗ္ဗညုတ ညဏ်တော်၊ အာသ၀က္ခယညဏ်တော်တို့ဖြင့် သိတော်မူသော သဘာဝအမှန်တရားများကို လူသားတို့ နားလည်နိုင်သော နယ်အတွင်းမှ ဟောကြားတော်မူခဲ့ပါတယ်။ ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဒေသနာတော်များသည် သဘာဝဓမ္မ ပညာပင် ဖြစ်ပါသည်။ ယင်းသဘာဝဓမ္မဒေသနာတော်ကို ဟောကြားရာတွင် အကြောင်းယုတ္တိ ခိုင်လုံသည် သက်သေ သာဓက ပြည့်စုံသည်။ မည်သည့်နည်းနှင့်မဆို စမ်းသပ်ခံနိုင်သည်။ ထို့ကြောင့် ယခု သိပ္ပံပညာ၏ ဘဘာဝတရား ဖြစ်ပေါ်ပြောင်းလဲမူ့ တွေ့ရှိချက်များသည် ဗုဒ္ဓဟောကြားခဲ့သော ဒေသနာတော်များနှင့် တစ်ထပ်တည်းကြလာကြောင်းကို တွေ့ရှိနေရပါသည်။
ဗုဒ္ဓမြတ်စွာဘုရားက ညဏ်မျက်စိဖွင့်ပေးသဖြင့် အမှန်တကယ် မရှိသော်လည်း ထပ်တလဲလဲ စွဲခဲ့ကြသော ငါ၊ သူတစ်ပါး ဟူ၍ ယုံကြည်စွဲမြဲနေသော သမုတ္တိနယ်မှ ခံယူထားသော သဘာဝတရားထက် ကျော်လွန်ကာ ပရမတ္တနယ်မှ သဘာဝအမှန်တရားများ ရှိကြောင်း သိခဲ့ရပါသည်။ ပရမတ္တနယ်မှ အမှန်တရားသည် လူတွင် ရုပ်တရားနှင့် နာမ်တရား ဟူ၍ နှစ်မျိုးသာရှိကြောင်း ရှင်းပြခဲ့ပါသည်။
ရုပ်တရား(ရူပက္ခန္ဓာ)နှင့် နာမ်တရား( နာမက္ခန္ဓာ) တို့ပူးပေါင်း၍ စဉ်ဆက်မပြက် လုပ်ငန်း လုပ်နေသော သဘာဝအမှန်တရား(သစ္စာတရား)ကို စိတ်(နာမ်တရား)က တိုက်ရိုက်သိအောင် ၀ိပဿနာဖြင့် လေ့ကျင့်ရပါတယ်။
ရှေးဦးစွာ ရုပ်တရားကို ပိုင်ခြားကြည့်ခြင်းကို ရူပက္ခန္ဓပရိစ္ဆေဒပညာ ဟုခေါ်ပါသည် ယနေ့ခေတ် ဆေးပညာက ခန္ဓဗေဒပညာ (Anatomy) ဟုခေါ်ပါသည်။ ရုပ်တရားတွင် အရိုး၊ အသွေး၊ အသား၊ စသည်တို့ကို ဖုံးအုပ်ထားသော အရေပြား ရှိပါသည်။ ယင်းမှတစ်ဆင့်တက်၍ ရူပက္ခန္ဓပစ္စယပရိဂ္ဂဟပညာဖြင့် ဖော်ပြပါ အစိတ်အပိုင်းတို့သည် အချင်းချင်း ရိုင်းပင်း၍ လုပ်ငန်းလုပ်နေကြပုံများကို လေ့လာရသည် ယင်းကို ယနေ့ဆေးပညာက ဇီဝကမ္မဗေဒပညာ ဟုခေါ်ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ရုပ်တရားတွင် ရုပ်ခန္ဓာကို ဖွဲစည်းထားသော အစိတ်အပိုင်းများ အချင်းချင်း ရိုင်းပင်း၍ ရှင်သန်ရေးလုပ်ငန်း လုပ်ကိုင်နေပုံကို ဆင်ခြင်ပြီး ရုပ်ခန္ဓာကို ဖွဲစည်းတည်ဆောက်ထားသည့် အခဲသဘောရှိသော အစိတ်အပိုင်း (၂၀)မျိုး၊ အရည်သဘောရှိသော အစိတ်အပိုင်း (၁၂)မျိုး၊ လေသဘောရှိသော အစိတ်အပိုင်း (၆)မျိုး၊ အပူသဘောရှိသော အစိတ်အပိုင်း(၄)မျိုး၊ ဟူ၍ ကောဋ္ဌာသ အစိတ်အပိုင်းများကို (၄၂)မျိုး ခွဲ၍ လေ့လာနည်းကို ပေးထားသည်။ ရုပ်ခန္ဓာကို ဖွဲ့စည်းထားသော ပထ၀ီ၊ အာပေါ၊ ၀ါယော၊ တေဇော၊ ဆိုတဲ့ ဓာတ်ကြီးလေးပါးကို သိရန်ဖြစ်ပါတယ်။ ထိုဓာတ်လေးပါးကို ပိုင်းခြား၍ ဆင်ခြင်သော ကမ္မဋ္ဌာန်းကို စတုဓာတု၀၀တ္တာန် ကမ္မဋ္ဌာန်းဟု ခေါ်ဆိုပါသည်။


ယနေ့သိပ္ပံ ပညာက ဖော်ထုတ်ပြသဖြင့် ကလာပ်စည်များ အကြောင်းကို သိလာသောအခါ အခဲ၊ အရေ၊ လေ၊ အပူတို့သည် ရုပ်ခန္ဓာကို ဖွဲ့စည်းထားသော အခြေခံ(ယထာဘူတ) ဓာတ်ကြီးလေးပါး ဖြစ်သည်ဟု လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်က ဗုဒ္ဓမြတ်စွာဘုရား၏ သင်ကြားမူ့သည် မည်မျှလေးနက်၍ သိမ်မွေ့နက်နဲသည်ကို သိကြရပါသည်။
အခဲသဘောရှိသော အစိတ်အပိုင်းကိုလေ့လာလျှင် မာသော သဘောရှိသည်။ ထင်ရှားသော အပိုင်းကို ပြရလျှင် အရိုးသည် အမာဆုံးဖြစ်သည် မာသောဂုဏ်သတ္တိ ရှိခြင်းကြောင့် ခန္ဓာတစ်ခုလုံးကို ထိန်းထားနိုင်ကြောင်းကို ဗုဒ္ဓ၏ ရူပက္ခန္ဓာ ပရိစ္ဆေဒပညာတွင် ဖော်ပြထားပါသည်။ ယနေ့ ဆေးပညာတွင်လဲ လက်ခံထားပါသည်။ အရည်သဘောရှိသော အစိတ်အပိုင်းများတွင် သွေး၊ ချွေး၊ ဆီး၊ မျက်ရည်၊ နှာရည် စသည်တို့ပါဝင်ပါသည် အရည်သည် စီးဆင်းခြင်း သဘောရှိပြီး သေးငယ်သော အပေါက်တွင်းသို့ စိမ့်ဝင်ထွက်နိုင်သော ဂုဏ်သတ္တိရှိသည်။ ဤအရည်ပိုင်းတွင် အရေးကြီးဆုံးဖြစ်သော သွေးသည် ရုပ်ခန္ဓာ အနံအပြားသို့ ရောက်ရှိပြီး ကလာပ်စည်များ၏ အမြေးပါးကို ဖြတ်၍ အသက်ရှင်သန်ရေးအတွက် လိုအပ်သော အဟာရနှင့် အောက်ဆီဂျင်တို့ကို ရုပ်ခန္ဓာတစ်ခုလုံးသို့ ပေးပို့နိုင်သည်။ လေသဘောရှိသော အစိတ်အပိုင်းတွင်လဲ တွန်းကန်နိုင်ခြင်း လှုပ်ရှားနိုင်ခြင်း၊ ဖိအားပေးနိုင်ခြင်း ဂုဏ်သတ္တိရှိပါသည် ထို့ကြောင့် အစာမျိုရာတွင် ဖိအားပေးခြင်း၊ ချောင်းဆိုးသည့်အခါ အညစ်အကြေားစွန့်သည့်အခါ အတွင်းမှ တွန်းကန်အားပေးခြင်း တို့ လုပ်ပေးနိုင်သည်။ အပူသဘောသည် ရုပ်ခန္ဓာတွင် အပူငွေ့ရှိပါသည် ၄င်းသည် အပူစွမ်းအင်အဖြစ်တည်ရှိပြီး အပူစွမ်းအင်ကို ကလာပ်စည်များရှင်သန်ရေလုပ်ငန်းများမှ ရရှိသည်။ အခဲ၊ အရည်၊ လေ တို့သည် အပူဓာတ်များရာတွင် ပြန့်ကားပြီး အပူဓာတ်နည်းလျှင် ကျုံ့ဝင်ကြပါသည်။ တစ်သမတ်တည်ရှိသော အပူဓာတ်က ထိုသို့မဖြစ်အောင်ထိန်းသိမ်းပေးသည် ရုပ်ခန္ဓာတွင် အပူစွမ်းအင်အပြင် လျှပ်စစ်စွမ်းအင်၊ များရှိသည်ဟု သိပ္ပံပညာက တွေ့ရှိခဲ့ပါသည်။ ရုပ်တရားတစ်ခုလုံးကို စီစစ်ကြည့်လိုက်ရင် ဓာတ်ကြီးလေးပါးမှ လွဲ၍ ဘာမှမရှိ ယင်းဓာတ်ကြီးလေးပါးတစ်မျီုးစီတွင် ကိုယ်ပိုင် ဂုဏ်သတ္တိ တစ်မျိုးစီ ရှိနေကြပြီး အချိုးညီညီ လုပ်ငန်းများ လုပ်နေခြင်းကြောင့် ရုပ်ခန္ဓာ ရှင်သန်နေခြင်း ဖြစ်ပါသည်။ ဖော်ပြခဲ့သော အကြောင်းအရာများကို လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်က ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ရုပ်ခန္ဓာ၏ အခြေခံဓာတ်ကြီးလေးပါးနှင့် ပက်သက်၍ လေးလေးနက်နက်ပိုင်းခြား ကြည့်တတ်ရန် နည်းလမ်းပေးထားခဲ့ပြီး ဖြစ်ပါသည်။
တစ်ဖန် ဆေးပညာက ယောက်ျားနှင့် မိန်းမ ဖြစ်စေသော ဘာဝရုပ်တို့သည်(ဆေးပညာခေါ် chromosome) အဖမျိုးဥခေါ် အဖဖက်မှ ယောက်ျားဖြစ်စေသော ဘာဝရုပ်နှင့် အမိမျိုးဥတို့ အကြောင်းအားလျော်စွာ ပေါင်းစပ်မိလျှင် ယောက်ျားဖြစ်ပြီး အဖဖက်မှ မိန်းမဖြစ်စေသော ဘာဝရုပ်နှင့် အမိမျိုးဥတို့ ပေါင်းစပ်မိသောအခါ မိန်းမဖြစ်ကြောင်းကို ဖော်ပြခဲ့ပါသည်။ ယောက်ျား၊ မိန်းမဖြစ်ခြင်းသည် အမိမျိုးဥနှင့် အဖမျိုးဥတို့ အကြောင်းအားလျော်စွာ ပေါင်းစပ်မိခြင်းကြောင့် ဖြစ်သည်ဟု ဆိုပါသည်။
ဗုဒ္ဓ၏ လူ့သဘာဝဓမ္မပညာတွင် ပဋိသန္ဓေ တည်ဆဲခဏတွင် ယောက်ျားဖြစ်စေသော အကြောင်း ကမ္မသတ္တိကထောက်ပံလျှင် ယောက်ျားဖြစ်ပြီး၊ မိန်းမဖြစ်စေသော ကမ္မသတ္တိက ထောက်ပံ့လျှင် မိန်းမဖြစ်ကြောင်း ရှင်းပြထားပါသည်။ ပဋိသန္ဓေတည်ပြီးချိန်မှစ၍ လူ၏ ဗီဇနိယာမ(ဆေးပညာခေါ် genetic law) အတိုင်း ကလာပ်စည်များ အဆင့်ဆင့် တိုးပွားလာရာ အရွယ်ရောက်သည့် အချိန်၌ ကလာပ်စည်ပေါင်း ကုဋေတစ်သိန်းကျော်ရှိသည်။ ယင်းမှာ ရုပ်၏ ဗီဇနိယာမအတိုင်း အစိတ်အပိုင်း(ကောဋ္ဌာသ) ဖြစ်အောင်ဖွဲစည်းသည်။ ဆေးပညာက ကလာပ်စည်များသည် တစ်စက္ကန့်တွင် ငါးကုဋေ ပျက်စီးနေကြပြီး ငါးကုဋေ အသစ်ဖြစ်ကြောင်း ကိန်းဂဏန်းဖြင့်ဖော်ပြသည်။ ဗုဒ္ဓ၏ ဓမ္မပညာတွင် ဖော်ပြသော ရုပ်နှင့်နာမ် တို့သည် ဖြစ်ခြင်း၊ တည်ခြင်း ပျက်ခြင်း၊ အစဉ်ကို မှန်ကန်ကြောင်း ဆေးပညာက ထောက်ခံနေခြင်းဖြစ်သည်။ ဤကဲ့သို့ ပျက်ခြင်းနှင့် အသစ် ဖြစ်ခြင်း အစဉ်သည် ရုပ်ကလာပ်စည်တို့၏ မတည်မြဲခြင်းသဘော ၀ိပရိဏမ ဒုက္ခဟုခေါ်ပါသည်၊ ၀ိပရိဏမ ဒုက္ခသည်လည်း ဒုက္ခသစ္စာအနက် တစ်ခက်ဖြစ်၍ သင်္ခါရ ဒုက္ခကဲ့သို့ ညဏ်ပညာဖြင့်သာ သိနိုင်သော ခန္ဓာဒုက္ခသစ္စာဖြစ်ပါသည်။ ကလာပ်စည်းများ ဖြစ်ခြင်းပျက်ခြင်း ရပ်စဲသောအခါ သေခြင်း မရဏ ဖြစ်ပေါ်သည်။ သေးငယ်သော ပရမာနုမြူခေါ် ကလာပ်စည်များ ဖြစ်ပျက်ပုံကို ဥပမာပေးရသော် တီဗီဖန်သားပြင်အား ကြည့်ရှူ့ခြင်းဖြင့်သိနိုင်သည် သေးငယ်သောအစက်ပြောက်လေးများ ပြောင်းလည်းလှုပ်ရှားခြင်ကြောင့် အရုပ်ပုံများလှုပ်ရှားနေခြင်း အဖြစ် ကျနောတို့ အမြင်အာရုံတွင် ထင်လာပါသည်။

ဗုဒ္ဓ၏ ၀ိပဿနာ ပညာသည် သာမန်သိရိုးသိစဉ်ထက် ပို၍ ထူးထူးခြားခြားသိခြင်းဖြစ်ပါသည်။ မဟာသတိပဋ္ဌာနသုတ် ကာယနုပဿနာ သတိပဋ္ဌာန်တွင် မိမိ၏ အတွင်း၌ရှိသော ရုပ်အပေါင်းအစု(အဇ္စုတ္တကာယ)ကို ရှူ့မှတ်ရုံသာမက အပြင်ရှိသော (ဗဟိဒ္ဓကာယ)များကိုလည်း ရှူ့မှတ်ပြီး အတွင်းနှင့်အပြင် ရုပ်အစုအပေါင်းတို့ တူညီမူ့ကိုလည်း ရှူ့မှတ်ရန် ညွန်ပြထားပါသည်။ သတ္တလောက၏ မှီတည်ရာ ဤကမ္ဘာကြီးသည် မျက်စိဖြင့် မြင်ရသော သြကာသလောက၏ အစိတ်အပိုင်းဖြစ်သည်။ သတ္တလောကကြီး တစ်ခုလုံးကို ဓာတ်ကြီးလေးပါးနှင့် ဖွဲ့စည်းထားပြီး ယင်းတို့ကို စဉ်ဆက်မပျက် ရှင်ရေးလုပ်ငန်းကြောင်းနှင့် သြကာသလောကတွင်ပါသော ကမ္ဘာမြေကြီးလဲ ဓာတ်ကြီးလေးပါးနှင့်သာ စဉ်ဆက်မပျက် လုပ်ငန်းများလုပ်နေပြီး မရပ်မနား ရွေ့လျားနေကြောင်း သိနှိင်ပါသည်။ အထူးမှတ်သားသင့်သည်မှာ သတ္တ၀ါတို့၏ ရုပ်ခန္ဓာကို ဓာတ်ကြီးလေးပါးနှင့် ဖွဲ့စည်းထားသလို သြကာသလောကကြီးတစ်ခုလုံးကိုလဲ ဓာတ်ကြီးလေးပါးနှင့်သာ ဖွဲ့စည်းထားပါသည်။ သတ္တ၀ါတို့၏ ရုပ်ခန္ဓာတွင် ပါဝင်သော ဓာတ်ကြီးလေးပါး(စွမ်းအင်)သည် စိတ်(နာမ်ဓာတ်)ကို ထုတ်နိုင်ကြခြင်းမှာ လူအပါအ၀င် သတ္တ၀ါများ၏ ထူးခြားချက်ပင်ဖြစ်သည်။
သတ္တလောကနှင့် သြကာသလောကကြီးသည် စဉ်ဆက်မပျက် လုပ်ငန်းများ လုပ်နေကြသောကြောင့် ထိုလောက နှစ်ခုလုံးကို လုပ်ငန်းလောက သင်္ခါရလောက ဟုခေါ်သည်။ သိပ္ပံပညာက ဖော်ထုတ်ပြခဲသော အချက်အလက်များနှင့် ယှဉ်၍လေ့လာခြင်းဖြင့် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်ကပင် သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကဟူ၍ လောကသုံးပါးကို ပိုင်းခြားဖော်ပြခဲ့သော ဗုဒ္ဓမြတ်စွာဘုရားရှင်၏ သဘာဝဓမ္မပညာကို ကြည်ညိုနိုင်ပါသည်။ ဗုဒ္ဓသည် လောကသုံးခွင်အား ကြွင်းမဲ့ကုန်စင်သိမြင်သောမူတော်ကြောင့် လောက၀ိဒူ ဂုဏ်တော်နှင့် ပြည့်စုံပါပေသော မြတ်စွာဘုရားရှင်ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ လောက၀ိဒူ ဂုဏ်တော်ကို ကြည်ညိုနိုင်ရန် အနည်းငယ်ဖော်ပြပါမည်။ စကြ၀ဠာသည် စက္က၀ါဠဟူသော ပါဠိစကားမှ ဆင်းသက်လာသည်။ စက္က၀ါဠမှာ စက်ကဲ့သို့ လှည့်ပတ်နေခြင်းဟု အဓိပ္ပါယ် ရှိသည်။ ဗုဒ္ဓ၏ သဘာဝဓမ္မပညာက နေ၊ ကမ္ဘာနှင့် လတို့တို့ ပါသော အဖွဲ့တစ်ဖွဲ့ကို လောကဓာတုတစ်ခုဟု ခေါ်သည်။ ယင်းကို သိပ္ပံပညာက( cosmology)က solar system တစ်ခုဟု ခေါ်သည်။ လောကဓာတုပေါင်း တစ်ထောင်ပါသော အဖွဲ့ကို သဘာဝဓမ္မပညာက စူဠသဟဿိ လောကဓာတုဟုခေါ်သည်။ တစ်သန်းပါသော အဖွဲ့ကို မဇ္စိုမ သဟဿိ လောကဓာတုဟု ခေါ်ပါသည်။ သန်းပေါင်းတစ်ထောင်ပါသော အဖွဲ့ကို မဟာသဟဿိ လောကဓာတုဟုခေါ်သည်။ ထိုမဟာသဟဿိ လောကဓာတုကို သိပ္ပံပညာက galaxy တစ်ခုဟု ခေါ်သည်။ လူတို့နေရာ ဤကမ္ဘာကဲ့သို့သော ကမ္ဘာများပါသော စကြာဝဠာများ မရေမတွက်နိုင်အောင် ရှိသည့်အတွက် ဗုဒ္ဓက စကြ၀ဠာ အနန္တ၊ ကမ္ဘာ အနန္တနှင့် သတ္တ၀ါ အနန္တဟု ဟောကြားတော်မူခဲ့ခြင်း ဖြစ်သည်။ ယခု နှစ်ပေါင်း ၁၀၀ အတွင်းကျမှ သိပ္ပံပညာရှင်ပေါင်းများစွာတို့က ကိရိယာများစွာ၊ သင်္ချာတွက်နည်းများစွာကို အသုံးပြုတွက်ချင်းဖြင့် စကြ၀ဠာအနန္တရှိကြောင်းနှင့် ထိုစကြ၀ဠာများတွင် ကမ္ဘာကဲ့သို့ သတ္တ၀ါတို့ အသက်ရှင် နေနိုင်သော ကမ္ဘာများ ရှိသည်ဟု သိလာကြသည် စကြ၀ဠာများတွင် ဖြစ်စေသည်အကြောင်း၊ တည်စေသည့်အကြောင်း၊ ပျက်စေသည့်အကြောင်း များကြောင့် ဖြစ်ခြင်း၊ တည်ခြင်း၊ ပျက်ခြင်း တို့ဖြင့် ဟင်းလင်းပြင်(universe) ထဲတွင် မရပ်မနား၊ ရွေ့လျား လှည့်ပတ်နေကြကြောင်း သိပ္ပံပညာက ဖော်ပြနိုင်ခဲ့သည်၊ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်ကပင် ဗုဒ္ဓတစ်ဆူတည်းက သဗ္ဗညုတ ညဏ်တော်ဖြင့် ဟောကြားတော်မူခဲ့သည်ကို မှန်ကန်ကြောင်း သိပ္ပံပညာက ထောက်ခံလာခြင်းပင် ဖြစ်သည်။ ဖော်ပြခဲ့သော အခြေခံကာ သတ္တလောက၊ သြကာသလောကနှင့် သင်္ခါရလောကဟူ၍ လောကကြီး သုံးပါးကို ပိုင်ခြား သိတော်မူသော ဗုဒ္ဓမြတ်စွာဘုရှားရှင်၏ လောက၀ိဒူ ဂုဏ်တော်ကို ကြည်ညို နိုင်ပါသည်။

သိပ္ပံခေတ်ဟု ခေတ်စားနေသော မျက်မှေက်ခေတ်မှာ သိပ္ပံပညာသည်သာ ခေတ်မှီ၍ ဗုဒ္ဓသဘာဝဓမ္မအား ခေတ်မမှီတော့ဟု ထင်မှတ်မှားနေကြပါတယ် အမှန်တယ်မှာ ယခုတွေ့ရှိထားသော သိပ္ပံပညာသည် နောက်နှစ် ငါးဆယ် အတွင်းမှာပင် ခေတ်တုံးသွားပါလိမ့်မည်ဖြစ်သည် ဗုဒ္ဓသဘာဝဓမ္မသည် နှစ်ပေါင်း ၂၅၀၀ ကျော် ကြာညောင်းခဲ့ သော်လည်း ဆန်းသစ်လျက်ပင် ဖြစ်ပါတယ်။ သိပ္ပံပညာသည် ရုပ်ဟုဆိုအပ်သော ဒြပ်နှင့် စွမ်းအင် အကြောင်းကိုသာ သိနားလည်နိုင်ပြီး နာမ်တရားဖြစ်သည့် စိတ်၊ စေသသိက် တို့ကို မသိနားမလည်ပါ။ သိပ္ပံပညာသည် ရုပ်ဝတ္ထုအမျိုးမျိုးတို့ကို ပြောင်းလဲ ထုတ်လုပ်ပေးနိုင်သော်လည်းပဲ နာမ်ပိုင်း ဖြစ်သော လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ က္ကုသာ၊ မစ္ဆရိယ ဆိုတဲ့ စေတသိက်တရားဆိုးတို့ ခြယ်လှယ်ခြင်းကို ခံနေရသော လူသားများကို ယဉ်ကျေးသိမ်မွေ့လာအောင် မဆုံးမ မပြုလုပ်ပေးနိုင်ပါ ဖော်ပြပါတရားဆိုးများ လွန်ကဲနေသမျှကာလပက်လုံး ဘ၀ငြိမ်းချမ်းရေးကို မရရှိနိုင်ပါ။ တစ်နည်းဆိုရသော သိပ္ပံပညာသည် သူတော်ကောင်းတရားထွန်းကားအောင် မဆောင်ရွက်ပေးနိုင်ပါ ဗုဒ္ဓတရားကသာ သူတော်ကောင်တရား ထွန်းကားလာအောင် ဆောင်ရွက်ပေးနိုင်ပါသည်။
ဗုဒ္ဓသဘာဝဓမ္မသည် ပရမတ္ထတရား (၄)ပါးရှိကြောင်းဟေားကြားခဲ့ပါသည် သိပ္ပံပညာသည် ရုပ်တရား ရုပ်တရားတပါးကိုသာ သိနိုင်သည် ကျန်တရား သုံးပါးကို မသိနိုင်ပါ။ နောက်ပြီး ဒီပရမတ္ထတရား အပေါင်းတို့ရဲ့ ဖြစ်ပျက် ဆက်နွယ်ပုံကို ရှင်းပြဖို့ နိယာမတရား ငါးပါး ရှိပါတယ်။
၁။ ဥတုနိယာမ။ ။ ရုပ်ပိုင်းဆိုင်ရာနိယာမများ၊
၂။ ဗီဇနိယာမ။ ။ ဇီဝဆိုင်ရာ နိယာမများ၊
၃။ စိတ္တနိယာမ။ ။ စိတ်တို့၏ ဖြစ်မြဲသဘော၊
၎။ ကမ္မနိယာမ။ ။ ကံတရားတို၏ ဖြစ်မြဲသဘော၊
၅။ ဓမ္မနိယာမ။ ။ သဘာဝဓမ္မတို့၏ ဖြစ်မြဲသဘော၊
ဤသို့ လောကကြီးတွင် အမှန်တကယ်ရှိသော နိယာမငါးပါးတွင် သိပ္ပံပညာသည် (၁) နှင့် (၂) ကိုသာ သိနားလည်နိုင်ပြီး ကျန်နိယာမ တရားကို မသိနားမလည်ပါ။
ကမ္ဘာကျော် သိပ္ပံပညာရှင် အိုင်စတိုင်းပြောသွားသော စကားရှိပါသည်။
Religion is lame without science and is blind without religion.
သိပ္ပံပညာမပါသော ဘာသရေးသည် အကျိုးဖြစ်ပြီး ဘာသာရေးမပါသော သိပ္ပံပညာသည် အကန်းဖြစ်သည်။
မှန်ပါသည် ယခုမျက်မှောက်ခေတ်တွင် လူသားများ စားဝတ်နေထိုင်ရေးအတွက် သိပ္ပံပညာသည် အမှန်တကယ်လိုအပ်ပါတယ် သို့သော် သိပ္ပံပညာသည် ခြေလက်သန်စွမ်းသည့် မျက်မမြင်သူနှင့် အလားတူနေသဖြင့် မျက်စိနှင့်တူသော ဗုဒ္ဓသဘာဝဓမ္မသည် ပို၍ပင် လိုအပ်ပါသည်။
ဂရိတွေးခေါ်ရှင် (Socrates)ဆိုကရေးတီးကလည်း
'' လူသားတို့သည် အမှန်တရားကို သိအောင် ရှာကြံရမည်။ အမှန်တရားကိုသိမှ အမှားကို မည်သူမျှ ပြုလုပ်တော့မည်မဟုတ်'
ဟု ဆိုခဲ့ပါတယ်။ မှန်ပါသည် အမှန်တရားကို အမှန်တကယ်သိပါက အမှားတရားသည် လှည့်စားလို့မရအောင် ရှင်းရှင်းလင်းလင်း ထင်ပေါ်နေမည်ဖြစ်ပါသည်။ ယင်းသို့ အမှန်တရားကို အမှန်တကယ်သိနိုင်ရန် ဗုဒ္ဓသဘာဝဓမ္မကို သင်ယူလေ့လာ လိုက်စားခြင်းဖြင့်သာ ဆောင်ရွက်နိုင်ပါသည်။ဆိုကရေးတီးကပင်
''All i know is that i know nothing ကျွှနုပ်၏ သိမြင်ချက်အားလုံးကို သတ္ထုချလိုက်လျှင် ကျွှနုပ်သည် ဘာမှမသိခြင်းဟူသော အဖြေကိုသာရသည် ''
ဟု ပညာရှိပီပီ ၀န်ခံခဲ့ပါသည်။ (Plato)ပလေတိုက အစစ်အမှန်တရားဟုသည်မှာ (Form)ပုံစံ သဘောဆောင်သော နာမ်လောကဖြစ်သည် ရုပ်လောကသည် ပုံ၏အသွင်လက္ခဏာဖြစ်၍ အမှန်ရှိသော လောကမဟုတ်ဟုဆိုခဲ့ပါသည်။ ပလေတို့၏ တပည့်ဖြစ်သူ (Aristotle)အရစ္စတိုတယ်ကလဲ ရုပ်လောကနှင့် နာမ်လောကသည် ခွဲမရအောင် ဒွန်တွဲ ဆက်စပ်နေပြီး အခြေအနေအရ ပြောင်းလဲနေသည်ဟု ဆိုပါသည်။ တွေးခေါ်ပညာရှင်တို့သည် ဆင်ခြင်းခြင်အဓိက၀ါဒ(Rationalism) ကိုဦးစားပေးကြတယ်။ ထို့ပြင် ယခုအခါ စိတ်ချင်းဆက်သွယ်သည့် တယ်လီ၏ပသီ (Telepathy)၊ စိတ်စွမ်းအင်အားဖြင့် အရာဝတ္ထုများကို ရွှေ့လျားစေနိုင်သော တယ်လီကိုင်းနက်ဆစ်(Telekinesis)၊ ဖုံးကွယ်နေသော အရာများနှင့် ဝေးလံသည့်အရပ်ဒေဒ၌ရှိသော အရာများကို မြင်တွေ့နိုင်သည့် ကလယ်ဗိုးယင့်(Clairvoyance)၊ အနာဂတ်တွင်ဖြစ်လာမည့် အကြောင်းအရာတို့ကို ကြိုတင်မြင်နိုင်သော ပရီကော့နီရှင်း(Precognition)၊ စသည့် မရစိတ်ပညာ(Parapsychology) တန်ခိုးများ ရှိကြောင်းကိုလဲ စိတ်ပညာရှင်များနှင့် သိပ္ပံပညာရှင်များက လက်ခံထားကြပါတယ်။ သို့သော် အဘယ်ကြောင့် ဤကဲ့သို့သော ထူးခြားသည့် စွမ်းရည်များ ရှိကြောင်းကိုကား မရှင်းပြနိုင်ကြပါဘူး။ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ သဘာဝဓမ္မပညာက စိတ်ဖြစ်ပုံ၊ ပျက်ပုံ၊ စိတ်ကြောင့်ရုပ်ဖြစ်ပုံ၊ စိတ်ကိုခြယ်လှယ်နေကြသော စေတသိက်များကြောင့် စိတ်အမျိုးမျိုးပြောင်းလဲပုံ၊ ကုသိုလ်စိတ်နှင့် အကုသိုလ်စိတ်ဖြစ်ပုံ၊ ယင်းစိတ်တို့နှင့် ယှဉ်ပြီး အကုသိုလ်ကံ၊ အကုသိုလ်ကံ စေတနာကြောင့် သုဂတိနှင့် ဒုဂ္ဂဘ၀များ ဖြစ်ပေါ်ပုံ၊ ဈာန်အဘိညဏ်ရအောင် အားထုတ်လျှင် တယ်လီပသီ၊ ကလယ်ဗိုးယင့်၊ ပရီကော့နီရှင်း စသည့်တို့ထက် အဆများစွာပိုပြီး အစွမ်းထက်သော ညဏ်ပညာရရှိုနိုင်ပုံ၊ ဘ၀ကို တက်မက်တွယ်တာတတ်သည့် တဏှာကို ၀ိပဿနာပညာဖြင့် ပယ်သတ်နိုင်ပုံ၊ ထိုသို့ ပယ်သက်လိုက်သည့်အခါ အချမ်းသာဆုံးဖြစ်သော သန္တိသုခကို ခံစားရပုံ အလုံးစုံတို့ကို တိတိကျကျ ဟောကြားထားပါသည်။

ကမ္ဘာတွေးခေါ်ပညာရှင်ကြီးများသည် ပရမတ်တရားအထိ တွေးခေါ်မြော်မြင်နိုင်ကြသည်ဟု တစ်ချို့ပညာရှိတို့က အဆိုပြုစေကာမူ မရမတ်နယ်တို့ အမှန်တကယ်မရောက်ကြပါဘူး ၊ သိပ္ပံပညာက ရုပ်ကို အက်တန်၊ မောလီကျူးများ အဖြစ်သို့လည်ကောင်း၊ အီလက်ထရွန်၊ ပရိုတွန်၊ နယူထရွန်၊ အဆင့်ထိလည်ကောင်း အသေးစိတ် ခွဲခြမ်းစိတ်ဖြာနိုင်စေကာမူ၊ စိတ်၊စေသသိက်၊ နိဗ္ဗာန် တို့၏အကြောင်းကို မသိမြင်ကြပါ ထိုပြင့် ယင်းပရမတ်တရားတို့ အချင်းချင်းဆက်နွယ်နေပုံကိုလည်း မသိနားမလည်နိုင်ကြပါဘူး။ ဒါကြောင့် သိပ္ပံပညာက ပုဂ္ဂိုလ်ရှိသည်၊ ယောက်ျားရှိသည်၊ မိန်းမရှိသည်၊ ခွေးကြောင်၊ မော်တော်ကား၊လေယာဉ် ရှိသည် ဆိုသော ပညတ်အမြင်များကို မပြောင်းလဲစေနိုင်ပါ ပညတ်လောက အတွက်မူ ယင်းမှာ အတိုင်းအသာတစ်ခုထိ ငြင်းစရာမရှိအောင်မှန်ပါသည် သို့သော် ဗုဒ္ဓသဘာဝ ပရမတ်တရားအရမှာမူ ထိုပညတ်ချက်များမရှိပါ။ ဥပမာ လူဟုသတ်မှတ်ထားသော လောကီအမှန်တရားကို ဆံပင်၊မွေးညှင်း၊ ခြေသည်း၊လက်သည်း၊ အသား၊အရေ အကြော၊အရိုး ဟု ခွဲခြမ်းစိတ်ဖြာလိုက်ပါက လူမရှိတော့ပေ ကောဋ္ဌာသ ၃၂ ပါးဖြင့်ဖွဲ့စည်းထားခြင်းသာဖြစ်သည်။ ထို့အတူ လူ၏ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားသော ခံစားမူ့ဖြစ်သော ဝေဒနက္ခန္ဓာ၊ မှတ်သားမူ့ဖြစ်သော သညှာက္ခန္ဓာ၊ စေ့ဆော်မူ့ဖြစ်သော သင်္ခါရက္ခန္ဓာ၊ သိမူ့ဖြစ်သော ၀ိညာနက္ခန္ဓာ၊ ဤနာမ်ခန္ဓာလေးပါးကို လူဟု မသတ်မှတ်နိုင်ပါ၊ ရူပက္ခန္ဓာဆိုသော ရုပ်အစုနှင့် ပေါင်းစပ်လိုက်သောအခါမှသာ လူဟူသောပညတ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မော်တော်ကား၊ လေယာဉ် စသည်တို့မှာလဲ ထိုးနည်းလည်းကောင်းပင်ဖြစ်ပါသည်။ တစ်စစီဖြုတ်လိုက်ပါက ပညတ်အမှန်တရားသည် ပျောက်ကွယ်သွားပါသည်။ ဗုဒ္ဓ၏ သဘာဝဓမ္မပညာသည် စကြ၀ဠာအလုံးစုံ၌ ရှိကြသော သက်ရှိသက်မဲ့ အလုံးစုံတို့ကို အခြေခံအကျဆုံး ဖြစ်သည့် ပရမတ္ထ တရားများဖြင့် အရှိကိုအရှိအတိုင်း သဘာဝအမှန်အတိုင်း ခွဲခြမ်းစိတ်ဖြာကာ ဝေဖန်စီစစ်ပြထားသော ပညာ ဖြစ်ပါသည်။

အကြည်ရုပ်များနှင့် အပြင်စိတ်များ
ရုပ်ခန္ဓာသို့ ပြင်ပမှ လာရောက်ထိတွေ့ရိုက်ခတ်နိုင်သော အပြင်အာရုံ ငါးမျိုးရှိသည်။ အဆင်းအာရုံ (ရူပါရုံ)၊ အသံအာရုံ (သဒ္ဒါရုံ). အနံ့အာရုံ (ဂန္ဓာရုံ)၊ အရသာအာရုံ (ရသာရုံ)နှင့် အတွေ့အထိအာရုံ (ဖောဋ္ဌဗ္ဗာရုံ)တို့ ဖြစ်သည်။ ငါးမျိုးရှိသောကြောင့် ပဉ္စအာရုံ) ဟုခေါ်သည်။
ရုပ်ခန္ဓာ၌လည်း ထိုပြင်ပမှ ရိုက်ခတ်သည့် သက်ဆိုင်သော အပြင် အာရုံငါးမျိုးကို လက်ခံသည့် အပြင်တံခါး ငါးပေါက်ရှိသည်။ မျက်စိ၌ရှိသော မျက်စိအကြည် (စက္ခုပသာဒ ရုပ်)၊ နား၌ရှိသော နားအကြည်ရုပ် (သောတပသာဒရုပ်)၊ နှာခေါင်း၌ရှိသော နှာခေါင်းအကြည်ရုပ် (ဃာနပသာဒရုပ်)၊ လျှာ၌ရှိသော လျှာအကြည်ရုပ် (ဇိဝှာပသာဒရုပ်)နှင့် ရုပ်ခန္ဓာကို ဖုံးအုပ်ထားသော အရေပြား နေရာ အနှံ့အပြား၌ ရှိသည့် ကိုယ်အကြည်ရုပ် (ကာယပသာဒရုပ်)ဟူ၍ ဖြစ်သည်။ ငါးပေါက်ရှိသောကြောင့် ပဉ္စဒ္ဓါရဟု ခေါ်သည်။
မျက်စိအကြည်ရုပ်သည် အဆင်းအာရုံကို လက်ခံ၍ မြင်ကိစ္စကို ဆောင်ရွက်သည်။ နားအကြည်ရုပ်သည် အသံအာရုံကို လက်ခံ၍ အကြားကိစ္စကို ဆောင်ရွက်သည်။ နှာခေါင်းအကြည်ရုပ်သည် အနံ့အာရုံကို လက်ခံ၍ အနံ့ကိစ္စကို ဆောင်ရွက်သည်။ လျှာအကြည်ရုပ်သည် အရသာအာရုံကို လက်ခံ၍ အရသာကိစ္စကို ဆောင်ရွက်သည်။ ကိုယ်အကြည်ရုပ်သည် အတွေ့အထိ အာရုံကို လက်ခံ၍ အတွေ့အထိကိစ္စ ဆောင်ရွက်သည်။ ကိစ္စငါးမျိုး ဆောင်ရွက်ရန် အကြည်ရုပ် တစ်မျိုးစီ၏ ထူးဆန်းစွာ တည်ဆောက်ထားပုံကို ဥာဏ်နှင့် ဆင်ခြင်နိုင်သည်။
သက်ဆိုင်ရာအာရုံသည် သက်ဆိုင်ရာအကြည်ရုပ်သို့ တစ်ခါရိုက်ခတ်တိုင်း ထိုသက်ဆိုင်ရာ အကြည်ရုပ်၌ သိသင့်သည့်သဘော (၀ိညာဏ်)၊ ခံစားသည့်သဘော (ဝေဒနာ)၊ မှတ်သည့်သဘော (သညာ)နှင့် အားထုတ်သည့်သဘော (သင်္ခါရ) တစ်ခုစီ အလိုအလျောက် တစ်ပြိုင်နက်ဖြစ်ပေါ်သည်။ ထိုသိသည့်သဘော ခံစားသည့်သဘော၊ မှတ်သည့်သဘောနှင့် အားထုတ်သည့်သဘောတို့ကို စိတ်အဖွဲ့အစည်း လေးမျိုး၊ တစ်နည်း နာမ်ခန္ဓာ လေးပါးဟု ခေါ်သည်။ စိတ်သည် ဖြစ်ပေါ်သည့်အခါတိုင်း တစ်ခုမကဘဲ အရေအတွက်အားဖြင့် များစွာဖြစ်၍ အလွန်လျင်မြန်သော ဖြစ်ခြင်း၊ တည်ခြင်း၊ ပျက်ခြင်း အစဉ်အတန်းနှင့် တန်းစဉ်၍ ဖြစ်ပေါ်လေ့ ရှိသောကြောင့် နာမ်ခန္ဓာဟု ခေါ်သည်။ သိသင့်သည့်သဘော အစဉ်အတန်းကို ဝေဒနက္ခန္ဓာ၊ မှတ်သည့်သဘော အစဉ်အတန်းကို သညာက္ခန္ဓာနှင့် အားထုတ်သည့်သဘော အစဉ်အတန်းကို သင်္ခါရက္ခန္ဓာဟူ၍ ခေါ်သည်။ သိသည့်သဘောနှင့် ခံစားသည့် သဘောများသည် သိသာသောကြောင့် ၎င်းတို့ကို အာရုံပြု၍ ရသည်။
အကြည်ရုပ်ငါးမျိုးရှိသည့်အနက် မျက်စိအကြည်ရုပ်နှင့် နားအကြည်ရုပ်တို့တွင် သိသည့်သဘော ထင်ရှား၍ နှာခေါင်းအကြည်ရုပ်၊ လျှာအကြည်ရုပ်နှင့် ကိုယ်အကြည်ရုပ်တို့တွင် ခံစားသည့် သဘောက ထင်ရှားသည်။
မျက်စိအကြည်ရုပ်နှင့် နားအကြည်ရုပ်တို့သည် ပတ်ဝန်းကျင်နှင့် ဆက်သွယ်ရာတွင် အဓိက အရေးကြီးသော အကြည်ရုပ်များ ဖြစ်ကြသည်။ အကြားအမြင် ဗဟုသုတဟူသည့်အတိုင်း မျက်စိနှင့် နားကို အသုံးပြု၍ ဗဟုသုတကို ရှာရသည်။ နေ့စဉ် လုပ်နေသည့် လုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းသည် မျက်စိကို အသုံးပြုရသည်း မျက်စိနှင့် နားသို့ ရိုက်ခတ်သော အာရုံများသည် အဝေး၌ ရှိသောကြောင့် ထိုမျက်စိနှင့် နားအကြည်ရုပ်များကို အသမ္ပတ္တဂါဟကရုပ်များဟု ခေါ်သည်။
နှာခေါင်းအကြည်ရုပ်၊ လျှာအကြည်ရုပ်၊ ကိုအကြည်ရုပ်များသို့ လာရောက်ထိတွေ့သည့် ပစ္စည်း(အာရုံ)များသည် ရုပ်ခန္ဓာနှင့် တိုက်ရိုက်ထိ၍ ရုပ်ခန္ဓာတွင်းသို့ တိုက်ရိုက်သွင်းရမည့် ပစ္စည်းများ ဖြစ်သောကြောင့် ရုပ်ခန္ဓာနှင့် တည့်မတည့် စိစစ်ရန် လိုအပ်သည်။ နှာခေါင်း၊ လျှာနှင့် ကိုယ်အကြည်ရုပ်များက စစ်ဆေးသည့်စခန်း (check point) အနေနှင့် စိစစ်ပေးနေကြသောကြောင့် ၎င်းအကြည်ရုပ်များကို သမ္ပတ္တဂါဟက ရုပ်များဟု ခေါ်သည်။
မမြင်ရ၊ ကိုင်၍မရသော စိတ်ကို မည်ကဲ့သို့ လေ့လာရမည်နည်းဟု မေးတတ်ကြသည်။ မမြင်ရသည့်စိတ်ကပင် မြင်ကိစ္စကို ဆောင်ရွက်နေခြင်းဖြစ်သည်။ မြင်သည့်သဘောတွင် စိတ်ဟူသော နာမ်ဓာတ်ပါသည်ကို သိပါမှ စိတ်ကို လေ့လာရန် အခြေခံပညာကို ရမည်။ စိတ်ကို ကိုင်၍မရသော်လည်း ပစ္စည်းမှန်သမျှကို ကိုင်လျှင် အတွေ့ပါသည်။ အတွေ့ဖြစ်ရန် စိတ်ပါရသည်။ စိတ်ရှိမှ အတွေ့ဖြစ်နိုင်သည်။
စိတ်ဖြစ်ရသည့်အကြောင်းနှင့် စိတ်အလုပ်လုပ်ပုံတို့ကို ထိုက်သင့်သည့်အားလျော်စွာ သိမှသာ၊ တစ်နည်းအားဖြင့် သဘာဝတရားကို လုပ်ငန်းလုပ်နေခြင်းကြောင့် စိတ်ဖြစ်ပေါ်သည်ကို သိမှသာ `ငါ`သည် အစွဲကြောင့် ဖြစ်၍ စိတ်သည် သဘာဝတရား အမှန်ဖြစ်ကြောင်း ဆင်ခြင်နိုင်မည်။
ပြင်ပမှ အာရုံငါးမျိုးက သက်ဆိုင်ရာ အပြင်တံခါးပေါက် ငါးမျိုးသို့ လာရောက်ရိုက်ခတ်တိုင်း သက်ဆိုင်ရာ တံခါးပေါက်များ၌ သိ သဘောသက်သက်ပါသည့် သက်ဆိုင်ရာ အပြင်စိတ် ငါးမျိုးဖြစ်ပေါ်ကြောင်း သိခဲ့ရပြီးဖြစ်သည်။ ငါးမျိုးရှိသောကြောင့် ပဉ္စ၀ိညာဏ်ဟု ခေါ်သည်။ သက်ဆိုင်ရာ အကြည်ရုပ်တွင် အနံ့သိစိတ်(ဃာန၀ိညာဏ်)၊ လျှာအကြည်ရုပ်တွင် အရသာစိတ်(ဇိဝှာဝိညာဏ်)နှင့် ကိုအကြည်ရုပ်တွင် အတွေ့အထိသိစိတ် (ကာယ၀ိညာဏ်) ဟူ၍ ခေါ်သည်။ ၎င်းတို့သည် `သိ`သည့် သဘောသက်သက်သာ ပါသော စိတ်များဖြစ်ကြသည်။ အပြင်အာရုံများက မပြတ်ထောက်ပံ့ နေကြသောကြောင့် မြင်သိစိတ်ကြားသိစိတ် စသည့် အပြင်စိတ် ငါးမျိုး စဉ်ဆက်မပြတ် ဖြစ်ပေါ်နေကြခြင်းဖြစ်သည်။
သိသည့်သဘော(၀ိညာဏ်)နှင့် ခံစားမှုသဘော(ဝေဒနာ)တို့ကို ထိုက်သင့်သည့်အားလျော်စွာ နားလည်ရန် မျက်စိအကြည် ရုပ်၌ဖြစ်သော သိသဘောသက်သက်ပါသည့် မြင်သိစိတ်(စက္ခုဝိညာဏ်)ဖြစ်ပေါ်ပုံနှင့် ကိုယ်အကြည့်ရုပ်၌ဖြစ်သော ခံစားမှု(ကာယသမ္ဖဿဇာဝေဒနာ) ဖြစ်ပေါ်ပုံတို့ကို ဆက်လက်တင်ပြပါမည်။

အတွင်းစိတ်(မနောဝိညဏ်)
အပြင်စိတ်ငါးမျိုးသည် သိ သဘောသက်သက်သာပါသည့် စိတ်များဖြစ်ပါသည်။ အပြင်စိတ်များဖြစ်ပြီးတိုင်း နောက်မှ ကပ်၍လိုက်ပြီး အဓိပ္ပါယ်ဖော်သော အလုပ်လုပ်သည့် စိတ်များသည် အတွင်းစိတ်(မနောဝိညဏ်)များ ဖြစ်ကြသည်။ အတွင်းစိတ်၏ တည်ရာသည် အတွင်းဒွါရ ဖြစ်ပြီး မှီရာအာရုံသည် အတွင်းအာရုံ(ဓမ္မာရုံ) ဖြစ်သည်။ အပြင်စိတ်များအာရုံကို အတွင်းစိတ်က ခံယူ၍ အတွင်းစိတ်၏ ဖြစ်လာသော အာရုံကို ဓမ္မာရုံ ဟုခေါ်သည်။ ထို့ကြေင့် အပြင်နှင့်အတွင်း ပေါင်းလျှင် အာရုံခြောက်မျိုး ဒွါရခြောက်ပေါက်နှင့် စိတ်(၀ိညဏ်) ခြောက်မျိုးရှိသည်။ အပြင်စိတ်တွင် သုခဝေဒနာနှင့် တွဲ၍ဖြစ်လျှင် အတွင်းစိတ်သည် သောမနဿဝေဒနာနှင့် တွဲ၍ဖြစ်သည်။ အပြင်စိတ်သည် ဒုက္ခဝေဒနာနှင့် တွဲ၍ဖြစ်လျှင် အတွင်းစိတ်သည် ဒေါမနဿဝေဒနာနှင့် တွဲ၍ဖြစ်သည်။ အပြင်စိတ်သည် အဒုက္ခမသုခ ဝေဒနာနှင့် တွဲ၍ဖြစ်လျှင် အတွင်းစိတ်သည် ဥပေက္ခာဝေဒနာနှင့် တွဲ၍ ဖြစ်သည်။ အပြင်စိတ်များ ဖြစ်ပြီးတိုင်း အတွင်းစိတ်သည် နောက်မှလိုက်၍ မြင်စိတ်၊ ကြားစိတ် စသည်တို့ အပြင် ၄င်းတစ်မျိုးတည်းလည်း အလုပ်လုပ်ပါသည်။ စိတ်ထဲတွင် တွေးတောကြံစည်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်းတို့သည် အတွင်းစိတ်လုပ်ငန်း ဖြစ်သည်။

အောက်ဖော်ပြပါပုံကို ကြည့်ခြင်းအားဖြင့် အတွင်းစိတ်၏ လုပ်ငန်းများကို သိရှိနိုင်ပါသည်။


တောင်တန်းပုံနှင့် မြေခွေးပုံငါးကောင်ပုံဖြစ်သည်။ တောင်တန်းဟု ယူဆပြီး ကြည့်လျှင် တောင်တန်းပုံကို တွေ့နိုင်ပြီး မြေခွေးပုံဟု ယူဆပြီး ကြည့်လျှင် မြေခွေးပုံ ဖြစ်ပါသည်၊ ယင်းမှာ အပြင် မြင်စိတ်နောက်က လိုက်လာသည့် အတွင်းစိတ်ရှိကြောင်း ပထမအဆင့်ဖြစ်ပါသည်။

အောက်ဖော်ပြပါပုံကို ကြည့်ခြင်းအားဖြင့်လဲ အတွင်းစိတ်ကို သိရှိနိုင်ပါသည်။


မိန်းကလေးမျက်နှာသည် လေးပုံသုံးပုံ တစ်ခြားဘက် လှည့်ထားသည်ကို ချက်ချင်းတွေ့ရှိနိုင်ပါသည်။ အသက်ငယ်၍ ရှူု့ချင်စရာ မိန်းကလေးပုံဟု အတွင်းစိတ်ကပြောသည်။ ထိုပုံကိုပင် မိန်းကလေး၏ နာရွက်အား မျက်စိဟု သဘောထားပြီး မေးရိုးကို နှာခေါင်းဟု သဘောထားကာ လည်ပင်းအရစ်ကို ပါးစပ်ဟု သဘောထားကြည့်လျှင် အသက်ကြီး၍ ရူ့ချင်စရာ မဟုတ်တော့သော အဘွားကြီးပုံ ပေါ်လာသည်။ ထို့ကြောင့် အတွင်းစတ်သည် ဆက်စပ်ပုံဖော်သည်အလုပ်လုပ်ကြောင်းနှင့် ဆက်စပ်ပုံပေါ်မူတည်၍ ပုံအမျိုးမျိုးပြောင်းသည်ကို သိနိုင်ပါသည်။ တစ်ဖန် ပုံကို ကြည့်လျှင် ရှူ့ချင်စဖွယ် မိန်းကလေးပုံကို အရင်မြင်ပြီး ရှူ့ချစ်စဖွယ်မဟုတ်သော အဘွားကြီးပုံကို နောက်မှ မြင်သောကြောင့် အတွင်းစိတ်၏ စရိုက်သည် ကောင်းသည့်အဆင်းကို အရင်မြင်၍ မကောင်းသည်ကို သေချာကြည့်မှမြင်ကြောင်း သိနိုင်သည်။ ထိုအချက်ကို သိထားမှသာလျှင် အတွင်းစိတ်၏စွမ်းအားနှင့် ယင်း၏ နယ်ပယ် အလွန်ကျယ်ဝန်းကြောင်းကို သိနိုင်မည်ဖြစ်သည်။ နေစဉ်ကျနောတို့ ပြုလုပ်နေသော ကာယကံ၊ ၀စီကံ၊ မနောကံ၊ တို့ကို အကုသိုလ်ဖြစ်အောင်နှင့် ကုသိုလ်ဖြစ်အောင် အတွင်းစိတ်က ဦးစီးလုပ်နေခြင်းဖြစ်သည်။ ထို့ကြောင့် စိတ်သည် မနောပုဗ္ဗင်္ဂမာဓမ္မာ( စိတ်သည် အရာရာကို ဦးဆောင်သည်) မနောသေဠာ(စိတ်သာ အကြီးအမူးဖြစ်သည်) မနောမယာ(စိတ်သည်အရာရာကို ဖန်တီးသည်) ဟု ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားဆုံးမခဲ့ပါသည်။ ထိုပြင့် မနောပါသ္မိတရမရမနော (စိတ်သည် မကောင်းမူ့၌သာ မွေ့လျော်သည်) ဟုလည်း အသိပေးဆုံးမခဲ့ပါသည်။
အတွင်းစိတ်(မနောဝိညဏ်)ကို အလုပ်လိုပ်ခိုင်းရန် ထောက်ပံ့ကြိုးကိုင်နေသော သိမူ့အစွဲ (၀ိညဏ်)၊ ခံစားမူ့အစွဲ(ဝေဒနာ)၊ မှတ်သားမူ့အစွဲ(သညာ)၊ အားထုတ်မူ့အစွဲ(သင်္ခါရ) အစွဲငါးမျိုး(ဥပါဒါနက္ခန္ဓာ) ဟူသော အဖွဲ့နှင့် တပ်မက်သည့်သဘော(လောဘ၊တဏှာ)၊ မကျေနပ်သည့်သဘော မိမိကိုယ်ကိုယ်သူတစ်ပါးနှင့်နှိုင်းယှဉ်သည့်သဘော( မာန၊ ဒေါသ)၊ မသိနားမလည် သဘောမပေါက်သည့်( မောဟ) ဟူ၍ အတွင်းဓာတ်ခံ(အကိန်းဓာတ်)အဖွဲ့ ဟူ၍ အဖွဲ့နှစ်ဖွဲ့ ရှိပါသည်။ အတွင်းဓာတ်ခံများသည် ဖြစ်ဖော်ဖြစ်ဖက်စိတ်များကို နှိပ်စက်သောကြောင့် အနုသယကိလေသာများဟု ခေါ်ပါသည်။

မျက်စိအကြည့်ရုပ်နှင့် မြင်သိစိတ်(စက္ခုဝိညာဏ်)ဖြစ်ပေါ်ခြင်း။

ယခုမျက်စိအကြည်ရုပ်၌ဖြစ်သော အပြင်စိတ်ဖြစ်သည့် မြင်သိစိတ်(စက္ခုဝိညာဏ်) ဖြစ်ပေါ်ပုံကို လေ့လာမည်။ ပြင်ပမှ အဆင်းအာရုံ(ရူပါရုံ)ကို သယ်လာသောအလင်းရောင်က မျက်စိအကြည့်ရုပ်၌ မြင်သိစိတ်(စက္ခုဝိညာဏ်)ဟုခေါ်သော အပြင်စိတ်တစ်မျိုး အလိုအလျောက်ဖြစ်သည်။ မြင်သိစိတ်၏ တည်ရာသည် မျက်စိအကြည်ရုပ်ဖြစ်၍ မှီရာသည် အဆင်းအာရုံပင် ဖြစ်သည်။ ရုပ်ဓာတ်ဖြစ်သည့် အဆင်းရူပါရုံများမှ စက်ရုံကဲ့သိုပ နာမ်ဓာတ်ဖြစ်သော မြင်သိစိတ်များကို ထုတ်လုပ် ပေးသည်။ မြင်သိစိတ်တွင် အဆင်းအာရုံ၏ အရိပ်ပုံ(ရုပ်ဓာတ်)နှင့် (သိ) သဘောသက်သက် ပါသည့် စိတ်(နာမ်ဓာတ်)တို့ပါကြသည်။ မြင်သိစိတ်ဖြစ်ရန် အလင်းရောင် အဆင်းအာရုံ၊ မျက်စိအကြည့်ရုပ်နှင့်စိတ်က အာရုံစူး စိုက်မှုဟူသော အကြောင်းလေးမျိုးရှိရမည်။ ထိုအကြောင်းများကို ထိုက်သင့်သည့် အားလျော်စွာသိမှသာ သဘောဝတရားတို့ လုပ်ငန်းလုပ်ခြင်းကြောင့် (စိတ်) ဖြစ်ပေါ်သညဘ်ကို သဘောပေါက်နားလည် နိုင်မည်။
အလင်းရောင်တွင် လှိုင်းအလျားကို လိုက်၍ ခရမ်းရောင်၊ မဲနယ်ရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ အ၀ါရောင်၊ လိမ္မော်ရောင်နှင့် အနီရောင်ဟူ၍ ရောင်စဉ် (၇)မျိုးတို့စုပေါင်းထားသော အလင်းရောင်ကို အဖြူရောင်အဖြစ်တွေ့ရသည်။ အလင်းရောင်ကို နေမှ အများဆုံးရသည်။ အရာဝတ္ထုများသည် ၄င်းတို့ ပေါ်သို့ ကျရောက်သည့် အလင်းရောင်မှ ရောင်ခြည်(၇)မျိုးအနက် ၄င်းတို့ စုပ်ယူနိုင်သော အရောင် (၆) မျိုးကို စုပ်ယူ၍ မယူနိုင်သော ရောင်ခြည်ကို ပြန်လွှတ်သည်။ ပြန်လွှတ်သော ရောင်ခြည်ကို ထိုအရာဝတ္ထု၏ အရောင်အဖြစ်မြင်ရသည်။ သစ်ရွက်များသည် ရောင်ခြည်(၇)မျိုး အနက်မှ (၆)မျိုးကို စုပ်ယူ၍ အစိမ်းရောင်ကို ပြန်လွှတ်သည်။ ရောင်ခြည် (၇)မျိုးစလုံး စုပ်ယူနိုင်သော အရာဝတ္ထုများကို အမည်းရောင်အဖြစ် မြင်ရပြီးရောင်ခြည် (၇) မျိုးစလုံးပြန်လွှတ်သော အရာဝတ္ထုများကို အဖြူရောင်အဖြစ် မြင်ရသည်။အရာဝတ္ထုများကို တည်ဆောက်ထားသည့် တည်ဆောက်မှုပမာဏ (molecularstructure) ပေါ်မူတည်၍ အရောင်အဆင်းဖြစ်ကြောင်း သိပ္ပံပညာက ရှင်းပြသည်။ အရောင်အဆင်းကို ဗုဒ္ဓ၏ သဘာဝဓမ္မပညာက ၀ဏ္ဏပညတ်ဟု ခေါ်သည်။ ၀ဏ္ဏသည် အရောင်အဆင်း ဖြစ်သည့် ပညတ်သည် အာရုံက စိတ်ကို သိအောင်လုပ်ပေးသည့် လုပ်ငန်းဖြစ်သည်။ ယနေ့သိပ္ပံက အရောင် အဆင်းသည် အရာဝတ္ထုများ၏ လုပ်ငန်းဖြစ်ကြောင်း ရှင်းပြသောကြာင့် သဘာဝဓမ္မပညာက ဖော်ပြသော ၀ဏ္ဏပညတ် (အရောင်အဆင်းဖြင့် စိတ်ကိုသိအောင်လုပ်ပေးသည့် လုပ်ငန်း)ဟူသော စကားလုံး၏ လေးနက်သိမ်မွေ့မှု့ကို သိနိုင်သည်။
အဆင်းအာရုံတွင် အရာဝတ္ထု၏ အရောင်အဆင်း (၀ဏ္ဏပညတ်) ပုံပန်းသဏ္ဍန်(သဏ္ဍန်ပညတ်)နှင့် ထုထည် (ဃနပညတ်)တို့ ပါဝင်သည်။ ထုထည်တွင် အဝေးအနီး၊ အမြင့်အနိမ့်။ အတိမ်အနက်နှင့် အလုံးအပြားတို့ပါဝင်သည်။ အဆင်းအာရုံက အရောင်အဆင်းဖြင့် မြင်သိစိတ်ကို သိအောင် လုပ်ပေးသည့် လုပ်ငန်းကို ထိုက်သင့်သည့် အားလျော်စွာ သိခဲ့ပြီး ဖြစ်သည်။
အလင်းလှိုင်းသည် တစ်စက္ကန့်တွင် ကီလိုမီတာ သုံးသိန်းနှုန်းနှင့်သွားသည်။ အလင်း၏ လှိုင်းအလျားသည် တစ် မိုက်ကရွန် မီလီမီတာ (one micron millimetre)သာ ရှိသည်။ ထို့ကြောင့် တစ်စက္ကန့်တွင် အလင်းလှိုင်းပေါင်း ကုဋေပေါင်းသုံးကုဋေ မျက်ကြည်လွှာကို ရိုက်ခတ်နေကြောင်း ယနေ့သိပ္ပံပညာက တွက်ပြသည်။ အလင်းလှိုင်းတစ်ခု ရိုက်ခတ်တိုင်း မြင်သိစိတ်တစ်ခု ဖြစ်သောကြောင့် တစ်စက္ကန့်တွင် မြင်သိစိတ်ပေါင်း ကုဋေသုံးကုဋေ ဖြစ်နေသည်ဟု ခန့်မှန်းနိုင်သည်။
ဗုဒ္ဒ၏ လူ့သဘာဝဓမ္မပညာက မျက်စိတစ်မှိတ်တွင် စိတ်ပေါင်း ကုဋေတစ်သိန်းဖြစ်သည်ဟု ဖော်ပြသည်။ မျက်စိတစ်မှိတ် ဟူသော အချိန်နှင့် ပတ်သက်၍ မြန်မာတို့ တွက်ချက်ပုံကို သိရန်လိုသည်။

မျက်စိ ၁၀ မှိတ် = တစ်ခဏ
၁၀ ခဏ = တစ်ခရာ
၁၀ခရာ = တစ်ပြန်
၆ပြန် = တစ်ဗီဇနာ
၁၅ ဗီဇနာ = တစ်ပါဒ်
၎ ပါဒ် = တစ်နာရီ
၆၀ နာရီ = တစ်ရက်

အထက်ပါနည်းနှင့် တွက်လျှင် တစ်စက္ကန့်တွင် မျက်စိ ၂၅၀မှိတ်ရှိကြောင်း တွက်၍ရသည်။ သို့ဖြစ်ပါ၍ ဗုဒ္ဓ၏ လူ့သဘာဝဓမ္မပညာက ဖော်ပြသော စိတ်၏ဖြစ်နှုန်းသည် တစ်စက္ကန့်တွင် ကုဋေ (၂ဒသမ၅)ကုဋေ ဖြစ်သည်ဟု တွက်၍ရသည်။ ထို့ကြောင့် လူ့သဘာဝဓမ္မပညာက ဖော်ပြသော စိတ်၏ဖြစ်နှုန်းကို သိပ္ပံက တွက်ပြသော တစ်စက္ကန့်တွင် အလင်းလှိုင်းများ မျက်စိအကြည်ရုပ်ကို ရိုက်ခတ်သည့်နှုန်း ကုဋေ (၃) ကုဋေနှင့် နှိုင်းယှဉ်နိုင်သည်။ ထိုသို့ အလွန်လျင်မြန်စွာ ဖြစ်၍ ပျက်နေကြသော မြင်သိစိတ်လေးများ၏ ဖြစ်တည်ပျက် အစဉ်အတန်းက မြင်မှုကို တစ်ဆက်တည်းဟု ထင်ရအောင် လုပ်ပေးသည်။
ဖြစ်တည်ပျက် အစဉ်တန်းဖြင့် တစ်ဆက်တည်း မြင်နိုင်ရန် လုပ်ပေးသည့် လုပ်ငန်းကို သန္တတိပညတ်ဟု ခေါ်သည်။ ဖြစ်တည်ပျက်အစဉ်အတန်းလေးများစုဝေး၍ အစုအဝေးအဖြစ် မြင်နိုင်ရန် လုပ်ပေးသည့် လုပ်ငန်းကို သမှုဟပညတ်ဟု ခေါ်သည်။ အစုအဝေးနှင့် ဖြစ်မှသာ ပုံပန်းသဏ္ဌာန် ပေါ်သည်။ အစုအဝေးဖြင့် ပုံပန်းသဏ္ဌာန် မြင်နိုင်ရန်လုပ်ပေးသည့် လုပ်ငန်းကို သဏ္ဌာနပညတ်ဟု ခေါ်သည်။ ပုံပန်းသဏ္ဌာန်ပေါ်မှ ထုထည်ကို မြင်ရသည်။ ထုထည်အဖြစ် မြင်နိုင်ရန် လုပ်ပေးသည့် လုပ်ငန်းကို ဃနပညတ်ဟုခေါ်သည်။ ထုထည်အဖြစ် မြင်မှသာ လူ၊ ယောက်ျား မိန်းမ၊ တိုက်၊ ကား စသည့် အမည်နာမကို ဖော်ပြသည့် နာမပညတ် ဖြစ်သည်။
ရုပ်မြင်သံကြားစက်၏ ဖန်သားပေါ်တွင် ပေါ်သော အလင်းပြောက်လေးများနှင့်ယှဉ်၍ ပညတ်ကို လေ့လာနိုင်သည်။ အလင်းပြောက်ကလေးများ အလွန်လျင်မြန်စွာ ဖြစ် ပျက်နေခြင်း အစဉ်ဖြင့် မြင်ခြင်းကို တစ်ဆက်တည်းဖြစ်အောင် ထောက်ပံ့နေခြင်းသည် သန္တတိပညတ်ဖြစ်သည်။ အလင်းပြောက်များ၏ ဖြစ်တည်ပျက်တို့ အစုအဝေးနှင့် ဖြစ်လာသောအခါ သမူဟပညတ် ဖြစ်သည်။
သမူဟပညတ်ကြောင့် သဏ္ဌာနပညတ်နှင့် ဃနပညတ်တို့ ဖြစ်သဖြင့် ပုံပန်းသဏ္ဌာန်နှင့် ထုထည်ဖြစ်သည်။ ထိုအခါ အမည်ဖော်ပေးသော နာမပညတ်ဖြစ်သည်။ ထို့ကြောင့် မင်းသား၊ မင်းသမီး၊ တိုက်၊ ကား စသည်ဖြင့် သိသည်။ ထိုသို့ အဆင်းအာရုံက စိတ်ကို သိအောင် လုပ်ပေးနေသော လုပ်ငန်းအဆင့်ဆင့်ကို ပညတ်ဟု ခေါ်သည်။ ပညတ်က ပေးသည့်အတိုင်းသာ သိရသောကြောင့် ပညတ်သိစိတ်ဟု ခေါ်သည်။

ဖော်ပြပါ အခြေခံများကို သိထားလျှင် ဗုဒ္ဓ၏ သဘာဝဓမ္မကို လေ့ကျင့်ရာတွင် သိမူ့၊ ခံစားမူ့တို့သည် သဘာဝတရား၊ တစ်နည်းဆိုရသော ရုပ်စွမ်းအင်နှင့် နာမ်စွမ်းအင်တို့၏ လုပ်ငန်းဖြစ်ကြောင်း ၀ိပဿနာညဏ်ဖြင့် ထိုးထွင်းဆင်ခြင်နိုင်မည် ဖြစ်ပါသည်။
ပုံရိပ် ထင်သည့်အလွှာ(retina)သည် မျက်စိ အာရုံကြော(optic nerve)နှင့် ဆက်နေသည်။ ပုံရိပ်ထင်သည့်အလွှာ (retina)တွင် အလင်းရောင်ကို တုံ့ပြန်နိုင်သော ကလာပ်စည်းများ(photosensitive cell)ရှိသည်။ ၄င်းတို့ကို အလင်းလှိုင်းများ ရိုက်ခတ်တိုင်းထိုနေရာ၌ ဓာတုပြောင်းလဲမှု (Chemical reaction)များ ဖြစ်ပေါ်၍ ဓာတုစွမ်းအင် (Chemical energy) မှ လျှပ်စစ်စွမ်းအင် (Electrical energy) များဖြစ်ပေါ်သည်။ ဗုဒ္ဒ၏ သဘာဝဓမ္မပညာက အလင်းရောင်သည် မျက်စိအကြည်ရုပ်ကို တစ်ခါထိတိုင်း ထိုမျက်စိအကြည်ရုပ်၌ မြင်သိစိတ်(စက္ခုဝိညာဏ်)တစ်ခု အလိုအလျောက်ဖြစ်သည်ဟု ဆိုသည်။ သို့ဖြစ်၍ ဓာတုပြောင်းလဲမှု တစ်ခါဖြစ်၍ ဓာတုစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ ပြောင်းသည့်အချိန် အခိုက်အတန့်တွင် မြင်သိစိတ်(စက္ခုဝိညာဏ်) တစ်ခုဖြစ်ကြောင့် ခန့်မှန်းနိုင်သည်။ မြင်သိစိတ်၏ နောင်မှလိုက်၍ အလုပ်လုပ်သော စိတ်သည် အတွင်းစိတ်(မနောဝိညာဏ်) ဖြစ်သည်။ အတွင်းစိတ်၏ တည်ရာသည် မနောဒ္စါရဖြစ်သည်။ အတွင်းစိတ်၏ အာရုံဖြစ်လာသောအခါ အင်ြအာရုံ(ရူပါရုံ)မဟုတ်တော့ဘဲ အတွင်းအာရုံ(စက္ခာရုံ)ဟု ခေါ်သည်။ မနောဒ္ဒါရ၌ အတွင်းအာရုံကို လက်ခံခြင်း (သမ္ပဠိစ္ဆိုင်း)၊ စိစစ်ခြင်း(သန္တီရဏ)နှင့် ဇောကိုလိုက်၍ခံသော (တဒါရုံ) နှစ်ကြိမ် ဖြစ်ပေါ်သည်။ ဗုဒ္ဒ၏ လူ့သဘာဝဓမ္မပညာက ဖော်ပြသော အထက်ပါ အကြောင်းအရာများကို ယနေ့ ဦးနှောက်နှင့် အာရုံကြောများ လေ့လာသည့်ပညာ (Neurology)က ဖော်ပြသော အချက်များနှင့် နှိုင်းယှဉ်၍ လေ့လာရန်လိုသည်။ ဓာတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော လျှပ်စစ် စွမ်းအင်များသည် ပုံရိပ်ထင်သည့် အလွှာ၌ပေါ်သေည ပုံရိပ်နှင့် ပတ်သတ်သည့် အချက်အလက် (data) များကို မျက်စိအာရုံကြော( optic nerve) တစ်လျှောက် သယ်ဆောင်၍ ဦးနှောက်ရှိ Occipital Lobe သို့ပို့သည်။ Occipital Lobe သည် လျှပ်စစ်စွမ်းအင်က သယ်ဆောင်လာသည့် သတင်းအချက်အလက်များကို လက်ခံခြင်း (data receiving)၊ စိစစ်ခြင်း၊ (data processing)နှင့် ဆုံးဖြတ်ခြင်း(Data setting)တို့ လုပ်သည်။ ထိုမှတစ်ဆင့် ဦးနှောက်ရှိ မြင်ခြင်းကိစ္စကို ဆောင်ရွက်သည့်နေရာ (Visual Centree)၌ ပုံရိပ်ကူးယူခြင်း (Image formation) ဖြစ်၍ မြင်ခြင်း(sensation ofsight)ဖြစ်ပေါ်ကာ နောက်ဆုံးတွင် ပေါ်လာသည့်ပုံရိပ်ကို မှတ်တမ်းတင်ခြင်း(registaration) လုပ်သည်၊ အလင်းစွမ်းအင်က သယ်ဆောင်လာသော အပြင်အာရုံကို ရူပါရုံဟုခေါ်ပြီး လျှပ်စစ်စွမ်းအင်ကိုသယ်ဆောင်လာသော အတွင်းအာရုံကို စက္ခုရုံဟု ခွဲခြား၍ခေါ်သော လူ့သဘာဝ ဓမ္မပာ၏ တိကျမှန်ကန်မှုကို ခန့်မှန်းနိုင်သည်။ သမ္ပဠိစ္ဆိုင်းနှင့် data receiving၊ သန္တီရဏနှင့် Data processing ၀ုဠောနှင့် Data setting၊ ဇောနှင့် sensation of sight၊ တဒါရုံနှင့် registration တို့ကို နှိုင်းယှဉ်၍ လေ့လာနိုင်လျှင် လွန်ခဲ့သော နှစ်ပေါင်း 2500 ကျော်က ဗုဒ္ဒ သင်ပြသော လူ့သဘာဝ ဓမ္မပညာ၏ သိမ်မွေ့လေးနက်မှု့ကို သိနိုင်သည်။
ထို့ကြောင့် မြင်ခြင်း၊ ကြားခြင်း၊ စသည်တို့တွင် နားလည်ရန်အဓိပ္ပါယ်များစွပါသည်။ ထိုသိမ်မွှေ့နက်နဲသော ၀ဘောသဘာဝကို နက်နက်ရှိုင်းရှိုင်းသိမှ နက်နက်နဲနဲတွေးတော ဆင်ခြင်နိုင်မည်။ ရရှိထားသော အကြားအမြင် ဗဟုသုတများ(သုမယပညာနှင့်ဒိဌမယပညာ)အပေါ် အခြေခံ၍ နက်နက်နဲနဲ ထူးထူးခြားခြား သိရန်နားလည်ရန် ကြိုးစားသော အလုပ်သည် ၀ိပဿနာ ဖြစ်သည်။ မြင်ခြင်း၊ ကြားခြင်းစသည်တို့၏ ပရမတ္တသဘာဝတရားများကို သိပါမှ (ငါမြင်သည်) (ငါကြားသည်) ဟူသော အလွန်စွဲမြဲနေသည့် ယုံကြည်မှု အစွဲကို လျှော့နည်းစေမည်။
ရုပ်နှင့်စိတ်တွဲပြီး စဉ်ဆက်မပြတ် လုပ်ငန်းများ လုပ်နေကြသည့်သဘာဝကို သိပါမှ အစွဲနှင့် အမှန်တရားကို ကွဲအောင်လုပ်နိုင်မည်။ အစွဲနှင့် အမှန်တရားကွဲအောင် လုပ်သော အလုပ်သည် ၀ိပဿနာဖြစ်သည်။ ထပ်တလဲလဲ နားလည်ရန် ဆင်ခြင်ခြင်းသည် ဘာဝနာဖြစ်သည်။ မြင်ခြင်း၊ ကြားခြင်းစသည်တို့တွင် ပါဝင်သော အကြောင်းအရာ တစ်ခုစီ၏ သဘာဝကို သိခြင်း၊ တစ်ခုနှင့် တစ်ခု ဆက်စပ်မှု့ကိုဆင်ခြင်ခြင်း၊ အားလုံးကို ခြုံငုံ၍ သဘောပေါက်ခြင်းသည် ၀ိပဿနာ၏ ရည်ရွယ်ချက် ပထမအဆင့် ဖြစ်သည်။

0 comments:

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP