တရားကိုဖောင်လိုသဘောထား

ရဟန်းတို့တရားသည် သံသရာတစ်ဖက်ကမ်းသို့ ကုပြောင်းရန်အတွက်သာဖြစ်သည်။ သိမ်းပိုက်ထားရန်မဟုတ်။ ဤအကြောင်းနှင့်စပ်၍သင်တို့အား ဖောင်ဥပမာကို ဟောကြားတော်မူမည်။ကောင်းစွာနာကြားကြကုန်။ ရဟန်းတို့ ဥပမာအားဖြင့် ခရီးရှည်သွားသောယောက်ျားတစ်ယောက်သည် အလွန်ကျယ်သောမြစ် ကိုတွေ့ရာ၏။ ထိုမြစ်၏ ဤမှာဘက်ကမ်းသည် ဘေးရန်ထူပြော၍ ဟိုမှာ ဘက်ကမ်းကားဘေးရန်မရှိအေးချမ်း၏။ ကူးဖို့ရန် လှေလည်းမရှိ၊ တံတားလည်းမရှိ ။ ထိုခရီးသွားယောက်ျားသည် ဤသို့စဉ်းစား၏။ ဤမြစ်သည်အလွန်ကျယ်လှ၏။ ဤမှာဘက်ကမ်းမှာဘေးရန်ထူပြော၍ ဟိုဘက်ကမ်းကားဘေးရန်မရှိအေးချမ်း၏။ ကူးဖို့ရန် လှေလည်းမရှိ ၊တံတားလည်းမရှိ ။ ငါသည် မြက်၊သစ်ခက်၊ကောက်ရိုးတို့ကို ရှာဖွေစုရုံး၍ ဖောင်ဖွဲ့ပြီးလျှင် ထိုဖောင်ကိုစီးလျက် လက်ခြေတို့ဖြင့် ယက်ကာတစ်ဘက်ကမ်းသို့ ကူးရမူကောင်းလေမည်။ ဤသို့စဉ်းစားကာ ထိုခရီးသွားယောက်ျားသည် မြက်၊သစ်ခက်၊ကောက်ရိုးတို့ကို ရှာဖွေစုရုံး၍ ဖောင်ဖွဲ့ပြီးလျှင် ထိုဖောင်ကိုစီးလျက် လက်ခြေတို့ဖြင့် ယက်ကာတစ်ဘက်ကမ်းသို့ ကူးရာ၏။ ယင်းသို့ကူး၍ တစ်ဘက်ကမ်းသို့ ရောက်သောအခါ ဤဖောင်သည် ငါ့အားလွန်စွာကျေးဇူး ပြုပေသည်။ ဤဖောင်ကို အမှီပြု၍ ဤဘက်ကမ်းသို့ချမ်းသာစွာရောက်ရသည်။ ဤဖောင်ကို ခေါင်းပေါ်ရွက်သွားရလျှင် သို့မဟုတ် ပခုံးဖြင့်ထမ်းသွားရလျှင်ကောင်းမည်ဟု ဆိုကာထမ်းရွက် ယူဆောင်သွားရာ၏။ ရဟန်းတို့ မည်သို့သဘောရသနည်း။ ခရီးသွားယောက်ျားသည် ထိုဖောင်၌ပြုလုပ်သင့်သည် ကို ပြုလုပ်သည်ဟု ဆိုနိုင်ပါမည်လော။ ရဟန်းများက မဆိုနိုင်ပါဘုရားဟုလျှောက်ကြသည်။ မည်သို့ပြုလျှင် ထိုခရီးသွားယောက်ျားသည် ဖောင်၌ပြုလုပ်သင့်သည် ကို ပြုလုပ်သည်ဟု ဆိုရမည်နည်း။ ဤဖောင်သည် ငါ့အားလွန်စွာကျေးဇူး ပြုပေသည်။ ဤဖောင်ကို အမှီပြု၍ ဤဘက်ကမ်းသို့ချမ်းသာစွာရောက်ရသည်။ ဤဖောင်ကို ကုန်းပေါ်သို့ ဆွဲတင်ထားရလျှင် သို့မဟုတ် ရေထဲ၌ မျှောထားရလျှင်ကောင်းမည်ဟုဆိုကာ ကုန်းပေါ်၌ထားခဲ့ရာ၏။ သို့မဟုတ် ရေထဲ၌ မျှောထားခဲ့ရာ၏။ ယင်းသို့ပြုလုပ်လျှင် ထိုဖောင်၌ ပြုလုပ်သင့်သည် ကို ပြုလုပ်ခြင်းပင်ဖြစ်သည်။ ရဟန်းတို့ ဥပမာအတိုင်းပင် ငါသည် တရားကိုဖောင်ပမာ သံသရာတစ်ဘက်ကမ်းသို့ ကူးမြောက်ရန်အတွက်ဟောတော်မူုခြင်းဖြစ်သည်။ ထမ်းရွက်ယူဆောင်(သိမ်းပိုက်) ရန်အတွက် မဟုတ်ချေ။ ရဟန်းတို့ သင်တို့သည် တရားကိုဖောင်ပမာထား၍ ဟောကြားသည်ကို သိကြသဖြင့် သမထ၀ိပဿနာတရား၌ တပ်သောဆန္ဒရာဂကို ပယ်စွန့်ကြရမည်။ ကာမဂုဏ်တို့၌ တပ်သောဆန္ဒရာဂကိုကား အထူးပြောဖွယ်မရှိ။ အဘယ်မှာ မပယ်စွန့်ဘဲနေကြရမည်နည်း။

မဇ္ဈိမနိကာယ် ၊ မူလပဏ္ဏာသပါဠိတော်၊ ၁-သြပမ္မ၀ဂ် ၊ ၂-အလဂဒ္ဓူပမသုတ်

0 comments:

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP