သပိတ်သွတ်လွတ်တရားတော်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ၊ အမရပူရမြို. ၊ မင်္ဂလာရိပ်သာ ဓမ္မာရုံကြီးပေါ်တွင် ၁၃၂၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့၌ ဟောကြား ဆုံးမတော်မူခဲ့သော သပိတ်သွတ်လွတ်တရားတော် မှ ကောက်နုတ်ချက်

သီတင်းကျွတ်ပြီဆိုတာ လ၏ အထိမ်းအမှတ်သာ ဖြစ်တယ် ။ ဒကာ ဒကာမတွေ ဘယ်လိုများ ထင်နေကြပါသလဲ ။ ၀မ်းနည်းစရာပဲလား ၊ ၀မ်းသာစရာပဲလား လို့မေးရင်ဖြင့် သြော် .. သေခါနီး သွားတာပဲဟေ့လို့ မှတ်ပါ ။ သီတင်းကျွတ်တာကို ဒကာ ဒကာမတွေက ဆရာသမား ကန်တော့ရလို့ ၊ မီးတွေထွန်းရလို့ ၀မ်းသာရတယ် ဆိုတာကတော့ ကောင်းတဲ့ စေတနာတွေ အမှန်ပါပဲ ။ ခန္ဓာ ကတော့ သီတင်းမကျွတ်ခင် ၀ါဆိုဦးကထက် ယခု သီတင်းကျွတ်က သေဖို့ရာ ပိုနီးသွားတယ် ။ သေဖို့ရာ ပိုနီးသွားတဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်သည် မသေရာ ရှာဖို.အလုပ်သည် ခရီးရောက်ထားဖို့ အရေးကြီးပါတယ် ။
ဒီဘ၀တော့ အတိတ်က ဆုတောင်းကြောင့် အတိတ်က အ၀ိဇ္ဇာ သင်္ခါရတွေ ကျုပ်တို့ ကျော်လွှား နိုင်ခဲ့လို့ အခုဘ၀ မှာ ၀ိညာဏ် နာမ် ရုပ် ၊ သဠာယတန ၊ ဖဿ ၊ ဝေဒနာဆိုတဲ့ ခန္ဓာကြီး ရထားတော့ ဇာတိ ဇရာ မရဏကတော့ လာရမှာပဲ ၊ ထိုသို့ပင် လာရငြားသော်လည်း ဒီကံက ဆုတောင်းမှား၊အလုပ်မှား ကြောင့် သစ္စာ မသိလို့ သေပွဲဝင်ရမှာ ၊ သေခါနီး ဖြစ်ငြားသော်လည်း မသေရာရှာတဲ့ အလုပ်ကိုဖြင့် တွေ့ရလို့ ၀မ်းသာကြပါလို့လဲ သတိပေးလိုက်ပါတယ် ။
ကဲ ဒီနေ့ဟောတဲ့ တရားက အင်္ဂုတ္တိုရ် ပါဠိတော် ကြီးမှာ ဘုရားကိုယ်တော်တိုင် ဟောလို့ သစ္စာသိပြီး သေတဲ့ ပုဂ္ဂိုလ်များမှာ ဘာမှ ပူစရာ မရှိပုံ ပြန်လည်ဟောကြားခြင်း ဖြစ်တယ် ။ ဘုန်းကြီးကလည်း ဒီနေ့မှ လာတဲ့ ပုဂ္ဂိုလ်တွေ ၊ ဒီနေ့မှ ကြုံတဲ့ ပုဂ္ဂိုလ်တွေ သစ္စာရှိဖို့ အရေးကိုပဲ ပြန်ပြီးဟောပါ့မယ် ။ ဒကာ ဒကာမတို့ နောက် ဘ၀က သစ္စာလေးပါး မသိတော့ အ၀ိဇ္ဇာနှင့် နေခဲ့ကြတယ် ။
သစ္စာ မသိတော့ ဗုဒ္ဓဘာသာ ဆိုပေမယ့် သစ္စာ မသိပဲ ကုသိုလ်အလုပ်တွေလည်း လုပ်ခဲ့ကြပါတယ် ဆိုတော့ သင်္ခါရပေါ့ဗျာ ။ ဒကာ ဒကာမတွေ ကုသိုလ်ရိုးရိုးလုပ်တာလား ၊ နောက်ဘ၀ လူချမ်းသာ နတ်ချမ်းသာ ဖြစ်ချင်လို. လုပ်တာလားလို့မေးရင် ဘယ့်နှယ့် ဖြေပါ့မလဲ ။
လူချမ်းသာ နတ်ချမ်းသာ ရချင်လို့လုပ်ပါတယ် ဘုရား ။
ဒါဖြင့် ကုသိုလ် ကံနဲ့ တဏှာ ရောနေတယ် ။ ကုသိုလ်လုပ်တာက ကုသိုလ် ၊ လူချမ်းသာ နတ်ချမ်းသာ ဖြစ်ချင်တာက တဏှာပေါ့ဗျာ ၊ ဘယ့်နှယ့် ဒီလိုရောတယ် ဆိုကလည်းက အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ ဖြစ်မသွားဘူးလား ။ ဒါခုမှရတဲ့ ပဋိစ္စသမုပ္ပါဒ် ၊ ဒကာ ဒကာမတွေ နောက်ဘ၀က အ၀ိဇ္ဇာ ဆိုတာ ကိလေသ၀ဋ် ၊ သင်္ခါရ ဆိုတော့ ကမ္မ၀ဋ် ၊ အဲဒီ ၀ဋ် (၂) နှစ်ပါး ကို သစ္စာမသိပဲနဲ့ လုပ်ခဲ့တဲ့အတွက် မသိတဲ့ အ၀ိဇ္ဇာ က ကိလေသာဝဋ် ၊ ကုသိုလ်ပြုပြီး သကာလ လူချမ်းသာ နတ်ချမ်းသာ ဆုတောင်းတာက ကမ္မ၀ဋ် ၊ ဒါကြောင့် ကမ္မ၀ဋ် ၊ ကိလေသာဝဋ် ၊ ဒီဝဋ်တွေပြုပြီး သေလွန်တဲ့ အခါ ဒကာ ဒကာမတွေ ၀ိညာဉ်ဆိုတဲ့ ပဋိသန္ဓေ ၀ိညာဏ်ကို ရပါတယ် ။ ပဋိသန္ဓေ၀ိညာဏ်ရရင် နာမ်ရုပ် ပေါ်ရမယ် ။ နာမ်ရုပ်ပေါ်လို့ ရှိရင် မျက်စိ ၊ နား ၊ နှာခေါင်း ၊ လျှာ ၊ ကိုယ်၊ စိတ် မပေါ်ပေဘူးလား ။ ပေါ်လာရင် ဖဿ၊ ဝေဒနာ ပေါင်းလိုက်တော့ ခန္ဓာငါးပါး ၊ ဒီခန္ဓာငါးပါးဟာ ဘာသစ္စာတုံး ။
ဒုက္ခသစ္စာပါဘုရား ။

ဒီခန္ဓာငါးပါး ဒုက္ခသစ္စာ ဘယ်အချိန်များ ရပါသလဲဆိုတော့ ယခု ပစ္စုပ္ပန်မှာ ယခု တရားနာနေကြတာက ဘာသစ္စာပါလိမ့်မတုံး ။
ဒုက္ခသစ္စာပါဘုရား ။
ဟော သူ့ကိုယ်က ပြောနေတာ ၊ ဒါကြောင့် သစ္စာသိစေချင်လွန်းလို့ တိုက်တွန်းရတာကို ဘုန်းကြီးက လွန်းလွန်းတယ်လို့များ မဆိုလိုက်ပါနဲ့ ၊ ကိုယ်က ကိစ္စမပြီးသေးလို့ ဒါလောက် တိုက်တွန်း တာကိုလို့ မှတ်လိုက်ပါ ။ ရှင်းပြီးလား ။ ( ရှင်းပါပြီဘုရား ) ။ ကိစ္စက လိုနေသေးလို့ တိုက်တွန်းတာပါ ။
( မှန်လှပါ ) ။
ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သစ္စာသိစေချင်တာက ဒီဘ၀တွင် ကိစ္စပြီးစေချင်လွန်းလို့ ၊ သစ္စာသိပြီး ပုဂ္ဂိုလ်ဟာ သုဂတိမှ တစ်ပါး ဘယ်မှ မသွားဘူး ဆိုတာ ပေါ်ပြီလား ။
ပေါ်ပါပြီဘုရား ။
အဲဒါကြောင့် ငါသေရင် ဘာများဖြစ်အုံးမှာလဲဆိုတာ ဘယ်တော့မှ မတွေးနဲ့ ၊ တို့ခန္ဓာက ပေါ်သရွေ့ ဒုက္ခသစ္စာပဲ ဆိုတာ သိတဲ့ ပုဂ္ဂိုလ်သေရင် နတ်ရွာသုဂတိမှတစ်ပါး ဘယ်မှ မသွားဘူးဆိုတာ ဧကန်ဆုံးဖြတ်ချက်ချ ၊ အားပေးစကားလား ၊ သစ္စာသိပြီးရင် သံသရာမလည်ဘူးဆိုတာ သေချာတဲ့ တရားလား ။
သေချာတဲ့ တရားပါ ဘုရား ။
နေရာကျပြီး သည်နေ့ သီတင်းကျွတ်တဲ့ အချိန်ကြီးမှာ ဒကာ ဒကာမတွေ ဥာဏ်မျက်လုံး သွင်းရတဲ့နေ့ ၊ လကလဲ ပြည့်မယ့်နေ့ ၊ မိမိတို့ ဥာဏ်ကလဲ အလင်းရတဲ့နေ့ဆိုတော့ အလင်းတွေကို ဆုံတဲ့နေ ကြုံတဲ့နေ့ ဆိုရင် လွဲပါ့မလား ။
( မလွဲပါ ဘုရား ) ။
ကဲ ဒကာ ဒကာမတို့၊ အလောင်းကောင် အသုဘကြီး တစ်ခုကို ဒီကျောင်းပေါ်မှာ မလွှဲသာလို့ ထားမယ် ဆိုပါတော့ ၊ ဒီအသုဘကြီးထဲက ဘာတွေထွက်လာမှာလည်း မေးတဲ့ အခါ နားထဲက ထွက်တဲ့အရာသည် သုဘထွက်မလား ၊ အသုဘထွက်မလား ။
အသုဘပါ ဘုရား ။
ပါးစပ် ၊ နှာခေါင်း ၊ မျက်စိကထွက်တဲ့ သုဘ ထွက်မလား ၊ အသုဘ ထွက်မလား ။
အသုဘထွက်မှာပါ ဘုရား ။
နဂိုက ဘာမို့လို့ ဘာထွက်တာတုံး ။
အသုဘမို့ အသုဘထွက်တာပါ ဘုရား ။
ဒီမှာလဲ ခန္ဓာကိုယ်က ဘာသစ္စာတုံး ။
ဒုက္ခသစ္စာပါ ဘုရား ။
ဟို အသုဘကြီးထဲက ကျင်ကြီးထွက်လာ ၊ ကျင်ငယ်ထွက်လာ ၊ ချွေးထွက်လာ ၊ ရောင်ဖောလာ ၊ ပြည်သွေး ထွက်လာ ၊ အသဘမို့ အသုဘတွေ ထွက်လာတာပဲ ၊ ဒီမှာလဲ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲက လှုပ်လိုက်တဲ့ အသုဘ ၊ ထိုင်နေတဲ့ အသုဘ ၊ ဒုက္ခသစ္စာဆိုတာ သေချာပြီလား ။
သေချာပါပြီ ဘုရား ။
ပြောတဲ့စိတ်ကလေးက ဒုက္ခသစ္စာ ၊ ငြိမ်နေတဲ့ စိတ်ကလေးကကော ။
ဒုက္ခသစ္စာပါ ဘုရား ။
ကြံနေတဲ့ စိတ်ကလေးကကော ။
ဒုက္ခသစ္စာပါ ဘုရား ။
ဒီခန္ဓာကြီးဟာ ဘယ်ကာလမှာပေါ်သတုံး ။
ပစ္စုပ္ပန်ကာလမှာ ပေါ်ပါတယ် ဘုရား ။
ပစ္စုပ္ပန်ကာလမှာ ပေါ်ချင်သရွေ့ ပေါ် ဒုက္ခသစ္စာချည်းပဲ ဆိုတာ မသေချာဘူးလား ။
သေချာပါတယ် ဘုရား ။
ဒါဖြင့် တပည့်တော်တို့ ဒုက္ခသစ္စာ မသိသေးဘူးလို့ ဆိုကြမလား ။ ပေါ်ရာကို ဒုက္ခသစ္စာလို့ သိပါပြီ ဆိုကြမလား ။ ပေါ်ရာကို ဒုက္ခသစ္စာဆိုတာ သိပါပြီ ဘုရား ။
ဒီစိတ်ကလေးကို အရေးတကြီး ပြောနေတယ် ။ ဒီသေရေးကို အရေးတကြီး ပြောနေတယ် ။ ဒီအသိနဲ့သေရင် အပါယ်မကျဘူးဆိုတာကလေးကို လက်ကိုင်ထားရမယ် ။ မပျင်းနဲ့ ။ ဒီအသိရပြီလို့ရှိရင်ဖြင့် သေခြင်းဆိုး မရှိတော့ဘူး ။ သစ္စာသိတဲ့ ပုဂ္ဂိုလ်အတွက် ပဋိစ္စသမုပ္ပါဒ် မရှိဘူးလား ၊ ရှိသလား ။
မရှိပါ ဘုရား ။
သစ္စာသိတဲ့ ပုဂ္ဂိုလ်မှာဖြင့် ( ၂ ) ကနေ ( ၃ ) မကူးတော့ဘူး ။ တစ်ခါတည်း မဂ်ပေါ်သွားတယ် ။ သစ္စာ က သစ္စာ ၊ သိတာက မဂ္ဂသစ္စာ ၊ မဂ္ဂသစ္စာက ဖြတ်တာ ၊ အဲဒါတွေကို ဒကာ ဒကာမတွေက သေသေချာချာ ကိုယ်ပိုင်ဥာဏ်နဲ့ ကိုယ်တိုင်သိလို့ ရှိရင်ဖြင့် ငါသေငြားသော်လဲ ဆွမ်းမသွတ်နဲ့ဟေ့ လို့ အိမ်မှာ မှာခဲ့ ဒကာကြွယ် ၊ စကားကြီး သွားတယ်လို့ ထင်သလား ။
မထင်ပါ ဘုရား ။
သစ္စာသိတဲ့သူ သံသရာ ပြတ်တယ် ။ သံသရာ ပြတ်တယ် ဆိုတော့အောက် အပါယ်ပြိတ္တာဘုံရောက်မှ ဆွမ်းသွတ်ရတာကိုးဗျ ။ ခုတော့ သစ္စာ သိတဲ့ပုဂ္ဂိုလ်တွေ ဆွမ်းသွတ်စရာ ရှိသေးလား ။
မရှိပါ ဘုရား ။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်ကိုယ်ကိုလဲ သိအောင်လုပ်ပါ ။ သိလို့ရှိရင်လည်း အိမ်ကို မှာခဲ့ပါ ။ ငါသေရင် ဆွမ်း မသွတ်နဲ့ဟေ့ ။
မှန်လှပါ ဘုရား ။
ဘယ်လိုများ မှာရမှာပါလိမ့် ။
ငါသေရင် ဆွမ်း မသွတ်ကြနဲ့ဟေ့ ပါ ဘုရား ။
ဒကာကြွယ် မှာရဲပါ့ မလား ။ ( မှာရဲပါတယ် ဘုရား ) ။ ရဲမှ မရဲသေးရင် သစ္စာ မသိသေးလို့ပါ ။ မသိသေးရင် ပြိတ္တာ ဖြစ်နိုင်သေးတယ် ။ အဲဒီလိုမှ မရဲသေးလို့ရှိရင် မသိ သိအောင်လုပ်ပါ ဆိုတာကိုလဲ ဒုတိယ တိုက်တွန်း ရပါတယ် ။ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲက ဘာပေါ်ပေါ် ဘာသစ္စာ တုံး ( ဒုက္ခသစ္စာ ပါဘုရား ) ။ ဒုက္ခသစ္စာ ဆိုတော့ သိတာက မဂ္ဂသစ္စာ ၊ သေတာက သမုဒယသစ္စာ ၊ နောင်ခန္ဓာ မလာတာက ဒုက္ခနိရောဓ သစ္စာ ။ ရှင်းပြီးလား ။
ရှင်းပါပြီ ဘုရား ။
အရှုခံရတာက ဘာသစ္စာ ( ဒုက္ခသစ္စာပါ ဘုရား ) ။
ဒီခန္ခာကြီး ခန္ခာငါးပါးက လာတာတွေ ရှုနေတာ့ ဘာသစ္စာလဲ ။ (ဒုက္ခသစ္စာပါ ဘုရား )
ရှုတဲ့ဥာဏ်ကလေးကတော့ ( မဂ္ဂသစ္စာပါ ဘုရား ) ။
ဒါဖြင့် သမုဒယသေမလား ၊ သမုဒယသေတော့ နောက်ခန္ဓာ လာသေးလား ။
မလာပါ ဘုရား ။
နောင်ခန္ဓာ မလာတာက ဒုက္ခနိရောဓသစ္စာ ၊ ဒုက္ခချုပ်တဲ့သစ္စာ ၊ ဒါဖြင့် ဒကာ ဒကာမတို့ ရှုတတ်ကြပြီလား ။
ရှုတတ်ပါပြီ ဘုရား ။
ဘယ် အချိန် ရှုရမှာလည်း မေးမနေနဲ့ ၊ ခန္ဓာက ပြတဲ့အချိန် ရှုလိုက် ၊ ရှင်းပြီလား ၊ ဒါကြောင့် ဒကာ ဒကာမတွေ မသေရဲသေးဘူးလား ။
သေရဲပါပြီဘုရား ။
ဒါကြောင့် ဘုန်းကြီးက ဘာတရားဟောတုံးလို့ မေးရင် မန္တလေးပြန်မယ့် ပုဂ္ဂိုလ်ကဖြစ်စေ၊ကိုယ် အရပ်ကို ပြန်တဲ့ ပုဂ္ဂိုလ်ကဖြစ်စေ ကိုယ် အိမ်ပြန်မယ့် ပုဂ္ဂိုလ်က ဖြစ်စေ ၊ တို့ သပိတ်သွတ်လွတ်တရား ဟေ့ လို့ ပြောလိုက်စမ်းပါ ။ ( မှန်လှပါ ဘုရား ) ။
ဘာတရားဟောပါလိမ့် ( သပိတ်သွတ်လွတ် တရား ပါ ဘုရား )
သပိတ်သွတ်ဆိုတာ သစ္စာ မသိတဲ့ ပုဂ္ဂိုလ်သေမှ ပြိတ္တာဖြစ်မှ ရှင်း ပြီလား ( ရှင်းပါပြီ ဘုရား )
ဒါဖြင့် ဒကာ ဒကာမတွေ ငါသေရင် သပိတ်မသွတ်နဲ့လို့ မှာရဲပြီလား ( မှာရဲပါပြီ ဘုရား )
မှာဖြစ်အောင် မှာပါ ။ သေမှ အရှက်ကွဲ မခံနဲ့ ။ သြော် ငါအဖေ သေသွားပြီ ၊ ငါအမေ သေသွားပြီ ၊ ခုအခါ ပြိတ္တာများ ဖြစ်နေမလား မပြောတတ်ဘူး ၊ သပိတ်ကလေး တစ်လုံးတော့ သွတ်ကြအုံးစို့ ။ သပိတ်သွတ်တဲ့ ပုဂ္ဂိုလ်၏ ရည်ရွယ်ချက်က စိတ်ချရလို့ သွတ်တာလား ၊ စိတ်မချလို့လား ။
စိတ်မချလို့ သွတ်တာပါ ဘုရား ။
ဒါဖြင့်သေ တဲ့ သူ က စိတ်ချပါ ရက်နဲ့ ကျန်ရစ်တဲ့ သူက အရှက်ခွဲတော့ သေတဲ့သူ မနာဘူးလား ။
( နာပါတယ် ဘုရား ) ။ ဒါဖြင့် ဒကာကြွယ် အရှက်ခွဲခံအုံး မလား ။ မခံချင်ပါနဲ့တော့ ။ ဘယ်နှယ့် မှာခဲ့ မှာလား ( ငါသေရင် သပိတ်မသွတ်နဲ့လို့ မှာခဲ့ မှာပါ ဘုရား ) ။
ဒါဖြင့် ဒီနေ့ ဘာတရားဟောပါ လိမ့် ။
သပိတ်သွတ်လွတ်တရား ဟောပါတယ် ဘုရား ။
သစ္စာသိရင် သပိတ်သွတ်လွတ်ပါတယ် ။

ဆရာတော်ဘုရားကြီး ဟောပြောချက်အရ
ဓမ္မမိတ်ဆွေ ဉာဏ်ပေါ်စေလို
ခန္ဓာကိုကြည့်က ပေါ်စဒုက္ခ
မြင်ရလတ်သော် ဪဒုက္ခသစ္စာ
မှန်ပါပေစွ အပြောမှမဟုတ်
အဟုတ်ပါလား ဤဉာဏ်အသွားထက်
အသေလွတ်မည်။
ယခုမျှဝေရသောတရားတော်ကို နားလည်သိရှိသည်နှင့်အမျှ မမေ့လျော့သောသတိဖြင့် ပွားများအားထုတ်၍ သစ္စာသိမြင် သူတော်ဇင်များ ဖြစ်ကြပါစေ…

0 comments:

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP