ကမ္မဠာန်းလေးဆယ်နှင့်ဝိပဿနာ

ကမ္မဠာန်းလေးဆယ် အကြောင်းနှင့်ဝိပဿနာကို ဗဟုသုတအားဖြင့် အကျဉ်းရုံး တင်ပြပေးပါမယ်

ကမ္မဿဌာနံ ကမ္မဋ္ဌာနံ။
ကမ္မဿ၊ ဘာဝနာကိုပွားများအားထုတ်မူ့၏ ။ ဌာနံ၊ တည်အာရုံသည်။ ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းမည်၏ ။
သမထဘာဝနာ အားထုတ်မူ့၏ တည်ရာဖြစ်သော ပထ၀ီကသိုဏ်း၊ အာပေါကသိုဏ်း၊ စသည့်အာရုံများသည်လည်းကောင်း၊ ၀ိပဿနာ ဘာဝနာ အားထုတ်မူ့၏ တည်ရာ ဖြစ်သော ရုပ်နာမ်အာရုံသည်လည်းကောင်း၊ ကမ္မဋ္ဌာန်းပင် ဖြစ်ကြ၏ ။ သိုဖြစ်၍ သမထ ကမ္မဋ္ဌာန်းနှင့် ၀ိပဿနာ ကမ္မဋ္ဌာန်း ဟူ၍ နှစ်မျိုး အပြား ရှိပါတယ်။
(၁) သမထကမ္မဋ္ဌာန်း ၄၀။ ။
ကသိုဏ်း ၁၀-ပါး။ အသုဘ ၁၀-ပါး။ အနုဿတိ ၁၀-ပါး။ အပ္ပမညာ(၀ါ)ဗြဟ္မ၀ိဟာရ ၄-ပါး။ အာရုပ္ပ ၄-ပါး။ အာဟာရေပဋိကူလသညာ ၁-ပါး။ စတုဓာတုဝ ၀တ္တာန် ၁-ပါး ဟူ၍ ၄၀ သော ကမ္မဋ္ဌာန်းတို့ကို သမထကမ္မဋ္ဌာန်း ဟုခေါ်ဆိုပါသည်။
(၂) ၀ိပသဿနာကမ္မဋ္ဌာန်း ။ ။
ရုပ်နာမ်တို့ ၏ အနိစ္စလက္ခဏာ၊ ဒုက္ခလကဏ္ခာ၊ အနတ္တလက္ခဏာ၊ တည်းဟူသော လက္ခဏာရေး သုံးပါးတို့ကို ဆင်ခြင်သုံးသပ်ခြင်းကို ၀ိပဿနာ ကမ္မဋ္ဌာန်းဟု ခေါ်ဆိုပါသည်။
မှတ်ချက်။ ။ ကမ္မဋ္ဌာန်းသည် အာရုံကမ္မဋ္ဌာန်း အာရမ္မဏိက ကမ္မဋ္ဌာန်း ဆိုပြီး နှစ်မျိုး ကွဲပြားသေးသည် ပထ၀ီကသိုဏ်း စသော သမထဘာဝနာ၏ အာရုံများနှင့် တေဘူမက သင်္ခါဟူသော အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အာရုံများသည် အာရုံ ကမ္မဋ္ဌာန်း ဖြစ်သည်။ ပွားများအားထုတ်မူ့သည် အာရမ္မဏိက ကမ္မဋ္ဌာန်း မည်၏။ ရှေးရှေး အားထုတ်မူ့၌တည်၍ နောက်နောက်အားထုတ်မူ့များဖြစ်ကြသဖြင့် ရှေ့အားထုတ်မူ့သည် နောက်အားထုတ်မူ့၏ တည်ရာ ဌာန ဖြစ်သည်။

ကသိုဏ်း (၁၀)ပါး
ကသိဏ=ကသိုဏ်း အကြွင်းအကျန်မရှိ အလုံးစုံ ဟူသော အနက်ရှိ၏ မြေကြီး ကျယ်ဝန်းသော ကသိုဏ်းဝန်းကို ကြည့်ရှူ့သောအခါ တစ်စိတ်တစ်ဒေသ၌
စိတ်ကို စွဲမထားပဲ ကသိုဏ်းဝန်တစ်ခုလုံးကို အနှံ့အပြား စိတ် မျက်စိနှင့် ငှံ၍ကြည့်ရှူ့အပ်၏ ။ဤကဲ့သို့ ကမ္မဠာန်းရှူ့သော ပုဂ္ဂိုလ်က အလုံးစုံအကုန်စင်
တစ်ပြိုင်နက်ထဲ ထင်မြင်အောင် ကြည့်ရှူ့အပ်သော အာရုံကို ကသိုဏ်း ဟုခေါ်၏ ။
၁။ ပထ၀ီကသိုဏ်း = မြေကသိုဏ်း
၂။ အာပေါကသိုဏ်း = ရေကသိုဏ်း
၃။ တေဇောကသိုဏ်း = မီးကသိုဏ်း
၎။ ၀ါယောကသိုဏ်း =လေကသိုဏ်း
၅။ နီလကသိုဏ်း = အညိုရောင်အဆင်းကသိုဏ်း
၆။ ပီတကသိုဏ်း = ရွှေရောင်အဆင်းကသိုဏ်း
၇။ လေဟိတကသိုဏ်း = အနီရောင်အဆင်းကသိုဏ်း
ဂ။ သြဒါတကသိုဏ်း = အဖြူရောင်အဆင်းကသိုဏ်း
၉။ အာကာသကသိုဏ်း = ကောင်းကင်ဟင်းလင်းပြင်ကသိုဏ်း
၁၀။ အာလောကကသိုဏ်း = အလင်းရောင်ကသိုဏ်း

အသုဘ (၁၀) ပါး
အသုဘ သဒ္ဒါသည် မတင့်တယ် ဟူသော အနက်ကိုဟော၏ ဤနေရာ၌ ခန္ဓာကိုယ်နှင့် စပ်ဆက်၍ သေလွန်ပြီးသောအခါ ဖြစ်ပေါ်လာသော မတင့်တယ်သည့် ပုံသဏ္ဍန်အမျိုးမျိုးကို
အသုဘဟု ခေါ်၏ ။
၁။ ဥဒ္ဓုမာတက = သေလွန်ပြီး ၂ ရက် ၃ ရက်ကြာသောအခါ ဖူးဖူးရောင်ပုပ်သဖြင့် စက်ဆုပ်ဖွယ် မသာလောင်း။
၂။ ၀ိနီလက = အသားများရာ၌ နီ၊ ပြည်စုရာ၌ဖြူ၊ ဤသို့ အနီအဖြူ ရောစပ်လျက် ညိုမည်းပုပ်ပွနေသော မသာလောင်း။
၃။ ၀ိပုဗ္ဗက = ပြည်တစို့စို့ပေါက်ကွဲယိုလျက် စက်ဆုပ်ဖွယ်ရာ မသာလောင်း။
၎။ ၀ိစ္ဆိဒ္ဒက = ကိုယ်အထက်ပိုင်း အောက်ပိုင်း နှစ်ပိုင်းသုံးပိုင်း ပြတ်နေသော မသာလောင်း။
၅။ ၀ိက္ခာယိတက = ခွေး၊ ဠင်းတ၊ ကျီး စသည်တို့ ခဲစား ကိုက်ဖြတ်ထားသော မသာလောင်း။
၆။ ၀ိက္ခိတ္တက = လက်၊ခြေ၊ ဦးခေါင်း၊ ကိုယ်ခန္ဓာတို့ကို တကွဲတပြားစီ ဖရိုဖရဲ ကြဲပစ်ထားသော မသာလောင်း။
၇။ ဟတ၀ိက္ခိတ္တက = ဓားလှံ လက်နက်ဖြင့် အစိတ်စိတ် နေအောင် ညှင်းပန်း နှိပ်စက်ပြီး သတ်ဖြတ်ထားသော မသာလောင်း။
ဂ။ လောဟိတက = သွေးများ ထွက်ရို၍ တစ်ကိုယ်လုံး လိမ်းကျံနေသော မသာလောင်း။
၉။ ပုဠုဝက = ပိုးလောက်များ ပြည်နှက်နေသော မသာလောင်း။
၁၀။ အဌိက = အရိုးများ ပြည့်နှက်နေသော မသာလောင်း။
မှတ်ချက်။ ။ အသုဘ အခြင်းအရာကို သူသေကောင် ၌သာ ရသည်မဟုတ် အသက်ရှင်ဆဲ အခိုက်၌လည်း လေဖြန်း၍ ဖောရောင်နေသည့်အခါ အနာများမှ သွေးပြည်ယိုထွက်နေသည့်အခါ
သွားရိုးပေါ်နေသည့်အခါ ဥဒ္ဓုမာတက၊ ၀ိပုဗ္ဗက၊ လောဟိတက၊ အဠိကသဘော များကိုရနိုင်သည် ပင်ကိုအနေအထား၌ပင်လျင် အတွင်း၌အရိုးများကို တိုင်ထူ၍ အရိုးများဖြင့် အခြင်ရနယ်ဖွဲ့၍ ကြွက်သားများ အကြောများတို့နှင့် ဖွဲချည်လျက် အထက်၌ အပေါ်ယံအရေပါးကို ခြုံလွမ်းထားပြီး ဆံပင် မွေးညှင်းများက ပေါက်ရောက်နေကြသဖြင့် ခန္ဓာဖြစ်လာပုံကို ဆင်ခြင်ပြီး အသုဘ ကမ္မဋ္ဌာန်းအခြင်းအရာကို ထင်မြင်လာစေနိုင်ပါသည်။

အနုဿတိ (၁၀) ပါး ။ ။
အနုဿတိ= အနု+သတိ = အဖန်ဖန်+ ဆင်ခြင်အောင့်မေ့မူ့ (သတိစေတသိက်) ကို အနုဿတိ ဟိုခေါ်သည်။
၁။ ဗုဒ္ဓနုဿတိ = ဘုရား၏ ပုံသဏ္ဍန်တော်နှင့် ဂုဏ်တော်များကို အဖန်ဖန်အောင့်မေ့ ဆင်ခြင်မူ့။
၂။ ဓမ္မာနုဿတိ = ပိဋကတ်တရားတော်များနှင့် တကွ မဂ်ဖိုလ် နိဗ္ဗာန် တရားတော်များ၏ ဂုဏ်တော်တို့ကို အဖန်ဖန် အောင့်မေ့ ဆင်ခြင်မူ့။
၃။ သံဃနုဿတိ = အရိယာ သံဃာတော်များ၏ ဂုဏ်တော်တို့ကို အဖန်ဖန် ဆင်ခြင် အောင့်မေ့မူ့။
၎။ သီလာနုဿတိ = မိမိ စောင့်ထိန်းသော သီလအမျိုးမျိုးတို့၏ ဂုဏ်တော်များနှင့် မကျိုးမပေါက် မပြောက်မပျက် ပုံကို အဖန်ဖန်အောင့်မေ့ ဆင်ခြင်မူ့။
၅။ စာဂါနုဿတိ = ဂုဏ်ပကာသနကိုလည်းမမျော်၊ ၀န်တိုမူ့လည်းမဖက်ပဲ ရက်ရက်ရောရော မိမိစွန့်ကြဲပေးလှူသော အလှူဒါနကိုဂုဏ်ကို အဖန်ဖန် အောင့်မေ့မူ့။
၆။ ဒေ၀တာနုဿတိ = နတ်၊ ဗြဟ္မာများကို သက်သေပြုပြီး မိမိ၏ကုသိုလ်ကောင်းမူ့များကို အဖန်ဖန် အောင့်မေ့မူ့။
ရ။ ဥပသမာနုဿတိ = နိဗ္ဗာန် ငြိမ်အေးပုံစသည့် ဂုဏ်ကျေးဇူးများကို အဖန်ဖန် အောင့်မေ့မူ့။
ဂ။ မရဏနုရဿတိ = မိမိ၏သေခြင်းသဘောကို အဖန်ဖန် အောင့်မေ့မူ့။(ဆင်ခြင်ဖန်များသော သေခြင်းသဘောသည် စိတ်တွင်စွဲထင်ပြီး သတိသံဝေဂ ရစေမည်။)
၉။ ကာယဂတာသတိ = ဆံပင်၊ မွေးညှင်း စသည့် ၃၂ ကောဋ္ဌာသကို ထင်အောင် အဖန်ဖန် ကြည့်ရှူ့ အောင့်မေ့ ဆင်ခြင်မူ့။
၁၀။ အာနာပါနဿတိ = ထွက်သက်ဝင်သက်ကို အောင့်မေ့ ဆင်ခြင်မူ့။
မှတ်ချက်။ ။ အနုဿတိ ၁၀-ပါး လုံး၏တရားကိုယ်မှာ သတိစေတသိက်ဖြစ်သည်။ ဗုဒ္ဓနုဿတိသည် အာရမ္မဏိကတရားဖြစ်၏ ထိုသတိ၏အာရုံဖြစ်သော ကမ္မဋ္ဌာန်းကား ဘုရားဂုဏ်တော် စသည်တို့ပင်ဖြစ်သည်။

အပ္ပမညာ (၄)ပါး။ ။
သတ္တ၀ါတစ်ဦး ဖြစ်စေ၊ အများဖြစ်စေ၊ ဤရွေ့ဤမျှ ဟုအတိုင်းအတာပမာဏ ကန်သတ်မထားပဲ သတ္တ၀ါပညတ်၌ဖြစ်သော တရားကို အပ္ပမညာဟု ခေါ်သည်။
၁။ မေတ္တာ = သတ္တ၀ါအများကို ကောင်းစားစေလိုခြင်း၊ ချစ်ခင်မြတ်နိုးစေခြင်းသဘော။ တရားကိုယ်မှာ အဒေါသ စေတသိက် ဖြစ်သည်။
၂။ ဂရုဏာ = ဒုက္ခိတသတ္တ၀ါပညတ်ကို အာရုံပြု၍ သနားကြင်နာခြင်းသဘော၊ တရားကိုယ်မှာ ဂရုဏာ စေသသိက် ဖြစ်သည်။
၃။ မုဒိတာ = သုခိတသတ္တ၀ါပညတ်ကိုအာရုံပြု၍ ၀မ်းမြောက်ခြင်းသဘော၊ တ၇ားကိုယ်မှာ မုဒိတာစေတသိက်ဖြစ်သည်။
၎။ ဥပေက္ခာ =သတ္တ၀ါပညတ်ကို အာရုံပြု၍ ကံစီမံရာဖြစ်ကြ၏ဟုအောင့်မေ့ဆင်ခြင်ကာ လစ်လျူရှူ့ခြင်းသဘော၊ တရားကိုယ်မှာ တတြမဇ္စုတ္တတာ စေတသိက်ဖြစ်သည်။
မှတ်ချက်။ ။ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့သည် အာရုံကမ္မဋ္ဌာန်းများ မဟုတ်ကြ။ အာရမ္မဏိက(အာရုံရှိသော) ကမ္မဋ္ဌာန်းများဖြစ်သည်။ ဗြဟ္မာဝိဟာရတ၇ား သည် အပ္ပမညာ လေးပါးပင် ဖြစ်သည်။
မေတ္တာ၏ ကမ္မဋ္ဌာန်းအာရုံသည် ပီယ(ချစ်အပ်သောသူ)နှင့် မနာပ (မြတ်နိုးအပ်သောသူ) သတ္တ၀ါတို့ဖြစ်သည်။ ဂရုဏာ၏ ကမ္မဋ္ဌာန်း အာရုံသည် ဒုက္ခိတ သတ္တ၀ါဖြစ်သည်။ မုဒိတာကမ္မဋ္ဌာန်း၏ အာရုံကား သုခိတ သတ္တ၀ါဖြစ်သည်။ ဥပေက္ခာကမ္မဋ္ဌာန်း၏ အာရုံကား ဒုက္ခိတ၊ သုခိတ၊ မဇ္စုတ္တသတ္တ၀ါ ပညတ်တို့ဖြစ်သည်။

အာဟာေ၇ပဋိကုလသညာ (၁) ပါး။ ။
အာဟာရေ= အစာအဟာရ၌ + ပဋိကူလ = စက်ဆုပ်ရွှံရှာဖွယ် + သညာ = မှတ်သားခြင်း။
စားသောက်မျိုသွင်အပ်သော ခဲဖွယ်ဘောဇဉ်စသည့်အစာအဟာရ တို့တွင် စက်ဆုပ်ဖွယ်ဟု ထင်မြင်လာအောင် အောင့်မေ့ဆင်ခြင် ရှူ့မှတ်သော သညာကိုခေါ်သည်။ အဟာရကူလသညာသည် အာရမ္မဏိကတရားပင်ဖြစ်သည်။ ထိုသညာ၏ ကမ္မဋ္ဌာန်းအာရုံသည်ကား စားသောက်ဖွယ် အစာအဟာရပင်ဖြစ်သည်။

စတုဓာတုဝတ္တာန် (၁) ပါး။ ။
စတုဓာတု = ဓာတ် လေးပါး + ၀ ၀တ္တာန် = ပိုင်းခြားတတ်သော ညဏ်။
ခန္ဓာကိုယ်၌ ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော ဟူသော ဓာတ်ကြီးလေးပါးကို ပိုင်းခြားတတ်သော ပညာညဏ်ဖြစ်သည်။ ဒီညဏ်သည်လည်း အာရမ္မဏိက တရားပင်ဖြစ်သည် အာရုံကမ္မဋ္ဌာန်းကား ဓာတ်ကြီးလေးပါး ပင်ဖြစ်သည်။
မှတ်ချက်။ ။ခန္ဓာကိုယ်တွင် ဓာတ်ကြီးလေးပါးကို ခွဲခြမ်းစိတ်ဖြာပြီး ရှူ့မှတ် ဆင်ခြင်ဖန်များလျှင် အတ္တဒိဋ္ဌိကင်းလျက် မဂ် အပ္ပနာသို့ ရောက်သည်၊ ထို့ကြောင့် စတုဓာတုကမ္မဋ္ဌာန်းသည် သမထ ကမ္မဋ္ဌာန်းမျှမဟုတ်ပဲ အနတ္တ၀ိပဿနာလည်းဖြစ်သည်။

အာရုပ္ပ (၄) ပါး။ ။
အာကာသာနဉ္စာယတနဈာန်၊ ၀ိညာဏဉ္စယတနဈာန်၊ အာကိဉ္စညာယတနဈာန်၊ နေ၀သညာ နာသညာယတနဈာန် တို့ကို အာရုပ္ပ လေးပါး ဟုခေါ်သည်။
အာရုပ္ပလေးပါးတို့သည် အာရမ္မဏိကတရားများ ဖြစ်ကြသည် ဤတရားတို့၏ ကမ္မဋ္ဌာန်းအာရုံကား ကောင်းကင် ပညတ် စသော လေးပါး တို့ဖြစ်ကြသည်။
၁။ ပထမရုပ္ပ၏ အာရုံသည် ကသိုဏ်းနိမိတ်ကို ခွာပြီး ရအပ်သော ကောင်းကင် ပညတ်ဖြစ်သည်။
၂။ ဒုတိယာရုပ္ပ၏ အာရုံသည် အာကာသာနဉ္စယတနဈာန်စိတ်ဖြစ်သည်။
၃။ တတိယအာရုပ္ပ၏အာရုံသည် အာကာသာနဉ္စာယတနဈာန်စိတ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်ဖြစ်သည်။
၎။ စတုတ္ထရုပ္ပ၏ အာရုံသည် အာကိဉ္စညာယတနဈာန်စိတ်ဖြစ်၏။

ကမ္မဋ္ဌာန်းဖြင့် ဈာန် များရရှိနိုင်ပုံကို အနည်းငယ်တင်ပြချင်ပါသည်။
၁။ ကသိုဏ်း (၁၀) ပါး နှင့် အာနာပါန ကမ္မဋ္ဌာန်းသည် ရူပါဝစရ ဈာန် ၅ ပါးလုံး၏ အာရုံဖြစ်သည်။ ဒီကမ္မဋ္ဌာန်းတို့ အနက်မှ တစ်ခုကို အားထုတ်လျင် ရူပဈာန် ၅ ပါးလုံးကို ရရှိနိုင်ပါသည်။
၂။ အသုဘ (၁၀)ပါးနှင့် ကာယဂတာသတိ ကမ္မဋ္ဌာန်းတို့သည် ပထမ ဈာန်ကိုသာ ဖြစ်စေသည်။
၃။ မေတ္တာ၊ ဂရုဏာနှင့် မုဒိတာ ဘာဝနာတို့သည် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် ဟူသော ရူပဈာန် ၄ ပါးကို ဖြစ်စေနိုင်သည်။
၎။ ဥပေက္ခာ ဘာဝနာသည် ရူပါဝစရပဉ္စမဈာန်ကိုသာဖြစ်စေနိုင်သည်။
အထက်ပါ စကားအရ ပထမဈာန်၏ အာရုံကမ္မဋ္ဌာန်းသည် (၀ါ) ပထမဈာန်ကို ဖြစ်ပေါ်စေသော ကမ္မဋ္ဌာန်းတို့သည် ကသိုဏ်း (၁၀)ပါး၊ အသုဘ (၁၀)ပါး၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ အာနာပါနဿတိ၊ ကာယဂတာသတိ ဟူ၍ ကမ္မဋ္ဌာန်း (၂၅) ပါးဖြစ်သည်။
ဒုတိယဈာန်၊ တတိယဈာန်နှင့် စတုတ္ထဈာန်တို့၏ အာရုံကမ္မဋ္ဌာန်းသည်(၀ါ) ဤဈာန်ကို ရစေသော ကမ္မဋ္ဌာန်းတို့သည် ကသိုဏ်း (၁၀)ပါး၊ အာနာပါနဿတိ၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ ဟူ၍ ကမ္မဋ္ဌာန်း (၁၄)ပါး ဖြစ်သည်။
ပဉ္စမဈာန်၏ အာရုံကမ္မဋ္ဌာန်းသည် (၀ါ) ဤဈာန်ကို ရစေနိုင်သော ကမ္မဋ္ဌာန်းတို့သည် ကသိုဏ်း (၁၀)ပါး၊ အာနာပါနဿတိ၊ ဥပေက္ခာ ဟူ၍ ကမ္မဋ္ဌာန်း ၁၂ ပါးတို့ဖြစ်သည်။
ရူပါဝရဈာန်ကို ဖြစ်ပေါ်စေသော ကမ္မဋ္ဌာန်း စုစုပေါင်းမှာ ကသိုဏ်း (၁၀) ပါး အသုဘ (၁၀)ပါး အပ္ပမညာ (၄) ပါး အာနာပါနာဿတိ၊ ကာယဂတာသတိ ဟူ၍ ၂၆ ပါးရှိသည်။
၅။ အာရုပ္ပကမ္မဋ္ဌာန်း ၄ ပါးတို့သည် အရူပဈာန် ၄ ပါးကို အသီးသီး ဖြစ်စေသည်။
၆။ ဗုဒ္ဓနုဿတိမှ မရဏာ နုဿတိအထိ ရှေ့ အနုဿတိ (၈)ပါးနှင့် အာဟာရေ ပဋိကူလသညာ၊ စတုဓာတုဝ ၀တ္တာန် ဟူသော ကမ္မဋ္ဌာန်း (၁၀) ပါးတို့သည် မည်သည့် ဈာန်ကိုမှ မဖြစ်စေနိုင်ပါ။

စကားချပ် ။ ။ ကမ္မဋ္ဌာန်းရှူ့ရမည့် ပုဂ္ဂိုလ် စရိုက် ၆ ပါးနှင့် ၊ ဈာန်ဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ပုံ၊ နိမိတ်နှင့် ကမ္မဋ္ဌာန်းတွဲစပ်ပုံများ ဈာန်အဆင့်ဆင့်ဖြစ်ပေါ်ပုံများ ရှင်းပြချင်သောလည်းပဲ နားရှုပ်မည်ဆိုးပါသည် သို့သော် အလျှင်သင့်ပါက ဆက်လက်ဖော်ပြပေးပါမည်

သမထဘာဝနာတွင် ဈာန်စိတ်ငါးပါးရှိပါသည် ယင်းတို့မှာ ၀ိတတ်၊ ၀ိစာရ၊ ပိတိ၊ သုခ၊ ဧကဂ္ဂတာ တိုပင်ဖြစ်သည်။
ဝိပသာနာဘာဝနာ၏ တရားကိုယ်သည် မဟာကုသိုလ်ကြိယာစိတ်နှင့် ယှဉ်သည့် ညဏ်ပညာခေါ် ပညိနြေ္ဒစေတသိက်ဖြစ်ပါသည်။

ဝိပဿနာ ဘာဝနာ။ ။
လောကသုံးပါးတွင် ထင်ရှားရှိသော တေဘူမက ရုပ်နာမ်တရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှူ့မြင်တတ်သည် ညဏ်ပညာကို ၀ိပသာနာဟု ခေါ်ပါတယ် တစ်နည်းဆိုရသော် ပရမတ်တရားတို့ကို ရှူ့မြင်သုံးသပ်ခြင်းပင်ဖြစ်ပါသည်။ ၀ိပဿာနာ ဘာဝနာကို ပွားများ အားထုတ်ရင် ရှေ့ဦးစွာ ၀ိပဿနာညဏ်များဖြစ်ပေါ်လာပြီး ဤညဏ်ရင့်သန်လာပါက မဂ်ညဏ် ဖိုလ်ညဏ်တို့ ဖြစ်ပေါ်လာကြပါသည်။
ဗုဒ္ဓမြတ်စွာဘုရား၏ လမ်းစဉ်၏ အနစ်သာရသည် ကိလေသာပယ်သက်ရေးဖြစ်ပါတယ် ကိလေသာကို အကြွင်းအကျန်မရှိပယ်သက်နှိင်ရင် ၀ဋ်ဆင်းရဲ အပေါင်းမှ လွတ်မြောက်ပြီး သန္တိသုခဟူသော နိဗ္ဗာန်ချမ်းသာကို ရရှိခံနိုင်မှာ ဖြစ်ပါသည် ဤကိလေသာများကို ၀ိပဿနာ ညဏ်ဖြင့်သာလျှင့် ပယ်သက်နိုင်ပါတယ်။ ကိလေသာပယ်သက်ရေးတွင်လည်း အဆင့်သုံးဆင့် ရှိပါသည် ပထမအဆင့်တွင် ဒုစရိုက်မူ့များကို ကိုယ်ထိလက်ရောက် ကျူးလွန်စေတတ်သော ၀ိတိက္ကမကိလေသာခေါ် ရုန့်ရင်းကြမ်းတမ်းသော ကိလေသာများကို သီလဖြင့် ဖိနှိပ်ထိန်းသိမ်းထားရန်ဖြစ်သည်၊ သီလစင်ကြယ်နေသူသည် ကိုယ်မူ နှုတ်မူ စင်ကြယ်သန့်ရှင်းနေပါမည်။ ဒုတိယအဆင့်တွင် ငုပ်လျှိုနေသော အခြေအနေမှ ထကြွနိုးကြားလာသော ပရိယုဋ္ဌာနကိလေသာများကို သမာဓိဖြင့်ချိုးနှိမ် နှိပ်ကွပ်ထားပြီး သမာဓိဖြင့် ကောင်းသော အာရုံတစ်ခုမှာ စိတ်ကို စုစည်းထားနိုင်သူသည် ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဒ၊ စသည့် နီဝရဏ တရားများကို ဖယ်ရှားထားနိုင်သဖြင့် စိတ်ကြည်လင်သန့်ရှင်းနေမည်ဖြစ်သည်။ တတိယအဆင့်တွင် အလွန်ထက်မြတ်သည့် မဂ်ပညာဖြင့် ငြိမ်ဝပ်နေသော အနုသယကိလေသာများကို အမြစ်ပါမကျန် ပယ်သက်ရန်ဖြစ်သည် စိတ်တည်ကြည်သူသည် ထိုးထွင်း၍ သိမြင်နိုင်သည်ဟု မြတ်စွာ ဘုရားဟေားကြားထားသည့်နှင့်အညီ သမာဓိ ထူထောင်ပြီးနောက် ရုပ်နာမ်ငါးပါးကို စူးစိုက်၍ ရှူ့မှတ်မှသာလျှင် ရုပ်နာမ်တို့၏ သဘောမှန်ဖြစ်သည့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ လက္ခဏတို့ကို ထင်ထင်ရှားရှား သိမြင်သော ညဏ်ဖြစ်လာပါသည် သို့ဖြစ်၍ .....၀ိပဿနာ ကျင့်စဉ်တွင် အခြေခံအကျဆုံးနှင့် အဆုံးစွန်သော ညဏ်စဉ်ထိတိုင်အောင် မပါမဖြစ်သော အရာမှာ သတိပဋ္ဌာန်လေးပါးနှင့် မဂ္ဂင် ရှစ်ပါး ဖြစ်သော သတိ၊ ပညာ ပင်ဖြစ်ပါသည်။

0 comments:

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP