အရိယသစ္စာနှင့်ပရမတ္ထသစ္စာ

အရိယသစ္စာ

''ရဟန်းတို့ အရိယသစ္စာတို့သည် ဤလေးပါးတို့ပေတည်း။
အဘယ်လေးပါးတို့နည်း။ ဒုက္ခ အရိယသစ္စာ၊ ဒုက္ခသမုဒယ အရိယသစ္စာ၊ဒုက္ခနိရောဓ အရိယသစ္စာ၊ ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ။အရိယသစ္စာတို့သည် ဤလေးပါးတို့ပင်တည်း။အရိယာတို့သည် ဤလေးပါးတို့ကို ထိုးထွင်း၍ သိကုန်၏။
ထို့ကြောင့် အရိယာသစ္စာတို့ ဟူ၍ ဆိုအပ်ကုန်၏'' ဟူပင်တည်း။တစ်နည်းသော်ကား အရိယမည်သော မြတ်စွာဘုရား၏ သစ္စာတို့ဖြစ်သောကြောင့်လည်းအရိယသစ္စာ မည်ကုန်၏။
(အရိယ - အရိယာတို့ သိအပ်သော + သစ္စ - သစ္စာ = အရိယသစ္စာ = အရိယာတို့ သိအပ်သော သစ္စာ - အမှန်တရား။
အရိယ - မြတ်စွာဘုရား၏ + သစ္စ - သစ္စာ - အမှန်တရား - အရိယသစ္စာ - မြတ်စွာဘုရား၏ သစ္စာ - အမှန်တရား)
''ရဟန်းတို့ နတ်နှင့်တကွသော လောက၌၊ နတ်တို့နှင့်တကွဖြစ်သော သတ္တဝါအပေါင်းထဲ၌ရှေးဘုရားတို့နှင့် အလားတူဖြစ်သော ငါဘုရားသည် အရိယ - မြတ်သောပုဂ္ဂိုလ်ဖြစ်သည်၊ထို့ကြောင့် အရိယသစ္စာတို့ဟူ၍ ဆိုအပ်ကုန်၏'' ဟူ၍ပင်တည်း။တစ်နည်းကား ဤသစ္စာလေးပါးတို့ကို ထိုးထွင်း၍ပြီးလျှင် အရိယာအဖြစ် ပြီးသောကြောင့်လည်းအရိယသစ္စာမည်ကုန်၏။ ဤအဆိုနှင့်အညီ ဟောတော်မူသည်မှာ -''ရဟန်းတို့ ဤလေးပါးသော အရိယသစ္စာတို့ကို ဟုတ်တိုင်းမှန်စွာ သိပြီးဖြစ်သောကြောင့်ပူဇော်အထူးကို ခံထိုက်သော မှန်စွာ ကိုယ်တိုင်သိသော ရှေးဘုရားတို့နှင့် အလားတူဖြစ်သောငါဘုရားကို အရိယာဟူ၍ ဆိုအပ်၏'' ဟူ၍ပင်တည်း။တစ်နည်းသော်ကား (အရိယ) မချွတ်မယွင်းမှန်ကန်သော သစ္စာတို့ဖြစ်သောကြောင့်လည်းအရိယသစ္စာ မည်ကုန်၏။ ဤအရာ၌ အရိယမည်ကြသည် ဟူသည်မှာ (တထ) မှန်ကုန်၏(အဝိတထ မချွတ်မယွင်းကုန်) အဝိသံဝါဒက မချွတ်မယွင်း - မလွှဲမမှား စေတတ်ကုန် -ဤကား အရိယ''အနက်ဖြစ်သည်။ ဤအဆိုနှင့်အညီ ဟောတော်မူသည်မှာ -''ရဟန်းတို့ ဤလေးပါးသော အရိယသစ္စာတို့သည် (တထာနိ) မှန်ကုန်၏။(အဝိတထာနိ) မချွတ်မယွင်းကုန် (အနညထာနိ) အခြားအခြားအရာ မရှိကုန်၊ထို့ကြောင့် အရိယသစ္စာတို့ဟူ၍ ဆိုအပ်ကုန်၏'' ဟူ၍ပင်တည်း။(အရိယ - အရိယာအဖြစ်ကို ပြီးစေတတ်သော ဝါ - အရိယာ ဖြစ်စေတတ်သော + သစ္စ - သစ္စာ - အမှန်တရား = အရိယသစ္စ - အရိယာ ဖြစ်စေတတ်သော သစ္စာ အမှန်တရား)ဤသို့လျှင် ဤအရိယသစ္စာတို့၌ သဒ္ဒါနက်အားဖြင့် အဆုံးအဖြတ်ကို သိအပ်၏။
(ကျမ်းကိုး ။ ။ မဟာစည်ဆရာတော်ဘုရားကြီး ရေးသားသော ဝိသုဒ္ဓိမဂ်မြန်မာပြန်၊တတိယတွဲ၊ နှာ ၃၇၄-၃၇၆၊ ၂ဝဝဝခုနှစ်ထုတ်)

ပရမတ္ထသစ္စာ
မှားယွင်းသော အနက်သဘောကို ကောင်းမြတ်သည်ဟု မဆိုနိုင်ချေ၊ မှန်ကန်သောအနက်သဘောကိုသာလျှင် ကောင်းမြတ်သည်ဟု ဆိုနိုင်ပေသည်။ သို့ဖြစ်၍စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန် ဟူသော အနက်သဘော ၄-ပါးသည်မချွတ်မယွင်း မဖောက်မပြန် အမှန်ချည်းသာဖြစ်၍ မြတ်သော အနက်သဘောပရမတ်တရား မည်၏။ရုပ်နာမ် အစစ်ဖြစ်သော ပရမတ်တရားတို့တွင် နိဗ္ဗာန်သည်သည် အ-သင်္ခတ ပရမတ် မည်၏၊ အကြောင်းတစ်စုံတစ်ခုက မပြုအပ်သောတရားဟု ဆိုလို၏၊ ထို့ကြောင့်ပင် ဖြစ်ခြင်း, ပျက်ခြင်းမရှိဘဲ အစဉ်ထာဝရမြဲသော နိစ္စ, ဓုဝတရားလဲ မည်၏။
ကြွင်းသော ပရမတ်တရား ဟူသမျှတို့သည်ကား သင်္ခတပရမတ်တို့သာချည်း။''ဆိုင်ရာဆိုင်ရာအကြောင်းတို့က ပြုအပ်, ဖြစ်စေတတ်သော တရာများ'' ဟု ဆိုလို၏။ထို့ကြောင့်ပင် တကယ်ဖြစ်ပေါ်ခြင်း, ပျက်စီးခြင်းရှိ၍ အနစ္စ, အဓုဝတရားလည်း မည်ကုန်၏။
ထို သင်္ခတပရမတ်တို့သည် အဇ္ဈတ္တ, ဗဟိဒ္ဓ သန္တာန်၂-ပါး၌ ဥပါဒ် ဌီ ဘင် အားဖြင့်တကယ်ဖြစ်ပေါ်ခဲ့ပြီးသော်လဲ ဖြစ်ကြ၏။ တကယ်ဖြစ်ပေါ်ဆဲလဲ ဖြစ်ကြ၏။တကယ်ဖြစ်ပေါ်လတ္တံ့သော်လဲ ဖြစ်ကြ၏။
(ကျမ်းကိုး ။ ။ မဟာစည်ဆရာတော်ဘုရားကြီး ရေးသားသော ဝိပဿနာရှုနည်းကျမ်း၊ပထမတွဲ၊ နှာ-၁၈ဝ၊၂ဝ၄၊ ၂ဝဝ၈ခုနှစ်ထုတ်)

0 comments:

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP