ဘ၀ဆည်းဆာနှင့်ကျင့်စဉ်တရား
အရေးအကြီးဆုံးအလုပ်
အရေးအကြီးဆုံးက ရုပ်နာမ်တရားကို အမှန်သိအောင်ရှုမှတ်နေဖို့ပါပဲ
ဘယ်လောက်ပဲ စားရစားရ တစ်ဝမ်းဝရုံပဲ။
ဘယ်လောက်ပဲ ၀တ်ရ၀တ်ရ အရေပြားဖုံးရုံပဲ။
ဘယ်လောက်ပဲ အိပ်ရအိပ်ရ တစ်ကိုယ်စာကလေးပဲ။
သတိပဌာန်အမှတ်နှင့်နေမှ အသေတတ်အသေကောင်းမည်။
အသေတတ်အသေကောင်းမှ ဘ၀ကူးဂတိ အထူးကောင်းမည်။
အမှန်တရားလက်ကိုင်ထား မလားအပါယ်သေချာတယ်။
တစ်ကြောင်းတည်းသောလမ်း
စိတ်အညစ်အကြေးများ ကင်းဝေးစင်ကြယ်ရန်
စိုးရိမ်ပူဆွေး ငိုကြွေးတို့ကို လွန်မြောက်စေရန်
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းရန်
မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်
တစ်ကြောင်းတည်းသော လမ်းမှန်သည်ကား
သတိပဌာန် ၀ိပဿနာလမ်းပင်တည်း။
အထက်ဆုံးလက်နက်
အဏုမြူထက် အစွမ်းထက်တာ စိတ်တန်ခိုး၊
စိတ်တန်ခိုးကို အထိရောက်ဆုံးအသုံးချတာ ၀ိပဿနာ၊
ဝိပဿနာရှုပွားပါက
ရောဂါပျောက်ကင်း၊ စိတ်ညစ်ကင်း၊ လက်ငင်းချမ်းသာသည်။
ကာယစိတ္တ၊ သုခလွန်ဘိ၊ သန္တိချမ်းသာ၊
မဂ်ဖိုလ်ပါ သေချာရလိမ့်မည်။
ဓမ္မောသဓဆေး
ရောဂါနှစ်သင်း ပျောက်ကင်းလိုလျှင်
ရှင်တော်ဖော်ပေး တရားဆေးကိုပင်
ရှုမှတ်ပွားများ သောက်ငြားတွင်တွင်
အမှန်မလွဲ ပျောက်မြဲရောဂါစင်
ဘေးဘယ အေးမြစိတ်ကြည်လင်။
*ရုပ်ကိုသာပြင် နာမ်မပြင်၊ ရုပ်သွင်မလှ နာမ်မလှ။
နာမ်ကိုသာပြင် ရုပ်မပြင်၊ နာမ်စဉ်လည်းလှ ရုပ်လည်းလှ။
နာမ်ဓာတ်ပေါ်တွင် ဉာဏ်ဓာတ်ယှဉ်၊ လိုလျှင်ခဏ နိဗ္ဗာန်ရ။
*ရုပ်လှ စိတ်လှ အလှနှစ်သွယ်၊ ဘယ်အလှကိုပြင်ကြမယ်။
ရုပ်အလှပြင်က အပါယ်ကျ၊ စိတ်အလှပြင်က နိဗ္ဗန်ရ။
မမှားရအောင် သတိဆောင်၊ ယောဂီမောင်မယ် ပြင်ကြစိတ်ကိုကွယ်။
ဝိပဿနာတရားရဲ့အကျိုးကျေးဇူး
ညည်းညူမရှိ၊ သတိမမေ့၊ချိန်နေ့သိပြန်၊
မျက်လန်ကြောဆွဲ၊ မရှိဘဲနှင့်၊
သေလည်းမတောင့်တင်း၊ ပုပ်နံ့ကင်းသည်၊
ကျိုးရင်းဝိပဿနာ၊ တန်ခိုးတည်း။
သတိပဌာန်ဝန်ခံချက်
သတိပဌာန် စမ္မစက်ကို ၀န်ခံချက်နှင့် တို့မြတ်စွာ၊
ဟောမိန့်ပုံမှာ ထိုတရားကိုဖြစ်ပွားစေတဲ့ ရှင်လူမှာ၊
အလွန်ကြာလျှင် ခုနစ်နှစ်နှင့် ရဟန္တာစစ်ဖြစ်နိုင်တာ၊
စွဲမူကျန်တောင် နာဂါမ်လောက်တော့ ဆိုက်ရောက်မယ်တဲ့ ဧကန်ပါ။
မြန်သူဆိုလျှင် ခုနစ်ရက်နှင့် ထိုမဂ်ဖိုလ်ကို ရနိုင်မှာ၊
ရဲဝံ့ခိုင်မာ ၀န်ခံချက်နဲ့ ဓမ္မစက်ကိုဟောခဲ့တာ၊
နိဗ္ဗာန်လိုသူ မယုံမှားနဲ့ မြတ်ဘုရားကို ယုံကြည်ပါ။
သတိပဌာန် ကိုယ့်သန္တာန် အမြန်ပွားစေရာ၊
သို့ပွားစေမှ နိဗ္ဗာန်ရ မုချအေးငြိမ်းမှာ။
သီလက မဆောင်နှင်းပေးနိုင်သော ပစ္စည်းဥစ္စာဟူသည်မရှိ။
ခန္တီမေတ္တာတို့က မတွန်းလှန်နိုင်သော ဘေးရန်အန္တရာယ်ဟူသည်မရှိ။
ဇွဲဝီရိယက အအောင်မြင်သော အရေးကိစ္စဟူ၍လည်းမရှိချေ။
ဤကိုယ်ကာယ၊ တစ်လံမျှ၌၊ နှစ်ဝနာမ်ရုပ်၊ ဖြစ်၍ချုပ်၏။
ရုပ်နာမ်နှစ်ပါး၊ အလွတ်ထား၍၊ ဤကားလိပ်ပြာ၊ ဤကားငါနှင့်
ဤမှာဇီဝ၊ ဤအတ္တဟု၊ ညွှန်ပြဖို့ရာ၊ မရှိပါသည်၊
ခန္ဓာနာမ်ရုပ်မျှပါတကား။
နာမ်ရုပ်တရား၊ ဤနှစ်ပါးလည်း၊ ရှည်လျားကာလ၊ မတည်ကြဘဲ၊
ခဏဖြစ်လျက်၊ ခဏပျက်၍၊ နှိပ်စက်ခြင်းရာ၊ လိုမပါဘူး၊
သဘာဝအား၊ ဤသုံးပါးကြောင့်၊ ဖြစ်ပွားသမျှ၊ အနိစ္စသည်၊
ဒုက္ခအနတ္တပါတကား။
ငါးပါးအာရုံဘင်အစု၊ ခင်မူနဲ့နေ့ကုန်၊
နင်ယခုမေ့ပုံလို တွေ့မကြုံစခန်း၊
ပါယ်လေးဝသောကဘုံမှာ၊ မျောရရုံရှိတော့ခမန်း၊
အောက်ဝီစိသောင်းအငူမှာ၊ ခေါင်းမပြူစတမ်း၊
နှစ်အရှည် နစ်မည့်လမ်းကိုလ၊ နင်မျှော်စမ်းနင့်ကို
လယ်တီဆရာတော်
စိတ်အညစ်ကြေးကို ကင်းစေလို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။
ပူဆွေးမူကို လွန်မြောက်လို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။
ငိုကြွေးမှုကို လွန်မြောက်လို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။
ကိုယ်ဆင်းရဲကို ချုပ်ငြိမ်းလို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။
စိတ်ဆင်းရဲကို ချုပ်ငြိမ်းလို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။
အရိယာမဂ်ကို ရချင်လို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။
နိဗ္ဗာန်နန်းကို ရောက်ချင်လို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။
ပစ္စည်းရှာအလုပ်နှင့်၊ နေ့ပုပ်လို့ရက်ကုန်၊
နစ်မျောလို့ အသက်ကုန်တယ်၊ တွက်ပုံဖြင့်မကောင်း၊
ခုလိုနှင့် သံသာဗွေမှာ၊ ခန္ဓာတွေ များခဲ့စကောင်း။
အသက်မွေးမှုစခန်းပိုအောင်၊ ၀မ်းကိုသာနင်ကျောင်း။
လေးဆယ်ကျော်အရွယ်နှောင်းခါမှ၊ သူကြွယ်လောင်းလုပ်ချင်။
မိုးကုန်ပြီ ထွန်မချချင်နှင့်၊ရွံစရာများဖို့ဖြစ်အင်။ ။
နွားအိုကြီး အမော့သင်သလို၊ မလျှော့လျှင် ဘ၀ဆုံးရှာတော့၊
အစတုံးနင့်အဆင်၊ လွဲဖို့သာပြင်၊ တရားသို့မသက်ဝင်လျှင်၊
အခက်နင်ကြုံတွေ့လိမ့်လေး………..တဲ့။ ။
ဂန္ဓာရုံဆရာတော်ရဲ့ လင်္ကာ
အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခတ် တံဆိပ်မှတ်က
မပြတ်မစဲ အိုးပင်ကွဲလည်း
အမြဲမသွေ တည်ရှိနေသို့
ထိုထိုသွေးသား ကလေးများသို့
ဘုရားတံဆိပ် ဘာသာစိတ်ကို
ခပ်နှိပ်နိုင်မှ သက်ဆုံးကျအောင်
ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်
ကိုယ်စီတံဆိပ် ခပ်နှိပ်သောဝ်။ ။
0 comments:
Post a Comment