မိုးလေးမျိုး ဥပမာပြ” တရားတော်မှ မှတ်စု”
”မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူသည့် စီဒီနံပါတ်(၇၈) မှ နံပါတ် (၄) တရားအမည် ဖြစ်သည့် ”ဖြစ်ပျက်တစ်ချက်၏ တန်ဖိုး၊ မိုးလေးမျိုး ဥပမာပြ” တရားတော်မှ မှတ်စု”
တရားနာတာက ဗဟုသုတ အင်မတန်များပါတယ်။ တရားသာနာ၍ တရားအားမထုတ်ကြပြန်ရင်လည်း လိုရာမကျသေးဘူး ဆိုတာကိုလည်း မှတ်စေ လိုတဲ့သဘောနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် မိုးလေးမိုးနဲ့ ဥပမာပြတယ်။ တရားနာတယ်ဆိုတဲ့ဥစ္စာ ခန္ဓာဉာဏ်မရောက်သေး၍ ခန္ဓာကိုလှည့်၍ မနာလို့ရှိရင် တရားနာတာသည်ကား လို့ဆိုရင် စာသင်တာနဲ့ အတူတူပဲ။ ခန္ဓာကိုသာလှည့်လိုက်မယ်ဆိုရင်ဖြင့် ယထာဘူတဉာဏ်ကိုရသွားတဲ့အတွက် ဒကာ၊ဒကာမတို့ အင်မတန်ကျေးဇူးများလိမ့်မယ်ဆိုတာ မှတ်ထားတာပေါ့။ အဲဒါတွေ စိုးရိမ်တဲ့အတွက် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မိုးလေးမျိုးဥပမာနဲ့ စတုက္ကနိပါတ် အင်္ဂုတ္တုရ်ပါဠိတော်မှာ ဟောပါတယ်။ ဘယ်လိုဟောတုံးဆိုတော့ -
(၁) ချုံးသာချုံး၍ မရွာတဲ့မိုးကတစ်မျိုး
(၂) မချုံးဘဲနဲ့ ရွာတဲ့မိုး၊
(၃) ချုံးလည်းမချုံး ရွာလည်းမရွာတဲ့မိုး
(၄)ချုံးလည်းချုံး၍ ရွာလည်းရွာသောမိုး
ဆိုပြီး မိုးလေးမျိုးဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး စိုးရိမ်ကြောင့်ကြတော်မူသောကြောင့် လေသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ဆည်းပြီးတော့ရတဲ့ သဗ္ဗေညုတဉာဏ်တော်နဲ့ တို့တွေမှာ အယူဆတွေ အမျိုးမျိုးအဖုံဖုံ လွဲနေမှာစိုးလို့ မိုးလေးမျိုးကို ပြောတယ်။ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မိုးလေးမျိုးကို ဟောထားတာသည် ဘုန်းကြီးတို့၊ ဒကာ၊ဒကာမတို့စဉ်းစားပြီးသကာလ ဒါသည် အလုပ်ဖြစ်ပါစေတော့လို့ အာသိသဆန္ဒရှိလို့ ဟောတာပဲဆိုတာ မှတ်ထားရမယ်နော်။ အလုပ်လုပ်ဖို့ဟောတာပဲ ဆိုတာ မှတ်ထားရမယ်နော်။ (မှန်ပါ အရှင်ဘုရား)။
အလုပ်လုပ်ဖို့ဟောတာကို တို့က အလုပ်နဲ့ပဲစခန်းသိမ်းရမှာပဲ ဆိုတာ မှတ်ထားကြပါ။
ချုံးသာချုံး၍ မရွာသည့်မိုးဆိုတာသည် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောထားသည့် တရားတွေ၊ စာတွေ အမျိုးမျိုးအဖုံဖုံကို ကိုယ့်စိတ်ထဲမှာ မှတ်လည်းမှတ်ထားတယ်၊ သို့သော် သစ္စာဆိုက်အောင်တော့ အလုပ်မလုပ်ဘူး။ သစ္စာကို သတိရှိသော ဉာဏ်ဖြင့် အလုပ်မလုပ်လို့ရှိရင်၊ သိသာသိ၍ မလုပ်လို့ရှိရင် ချုံးသာချုံး၍ မရွာသောမိုးနဲ့တူတယ်လို့ ဆုံးဖြတ်ချက်ချပါ။ ဗဟုသုတတွေ အမျိုးမျိုးတွေရှာပြီး သစ္စာသိအောင်မလုပ်လို့ရှိရင်ဟဲ့တဲ့ ချုံးသာချုံး၍ မရွာတဲ့မိုးပဲ။ ဒါဖြင့် ဒကာ၊ဒကာမတို့ သိပြီးသကာလ နေငြားသော်လည်း သစ္စာသိအောင်ကျင့်ရမည့်အကျင့်ကို မကျင့်ရင် ဘာမိုးနဲ့တူလဲ ( ချုံးသာချုံး၍ မရွာသည့်မိုးနဲ့တူပါတယ်အရှင်ဘုရား)။
အဲ ၂ နံပါတ်မိုးကတော့ဆိုရင် ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟောတော်မူတဲ့ တစ်လုံး တစ်ပါဒ၊ ဆရာသမားတို့ ဟောတော်မူတဲ့ တစ်လုံး တစ်ပါဒ – ဝေဒနာဖြင့် ဝေဒနာ၊ စိတ် ဖြင့် စိတ်။ သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးကို ကိုယ့်ဉာဏ်နဲ့တည့်အောင် ကြိုးစားနေရင်းမတ်တပ်နဲ့ အဖြစ်အပျက်ဆိုတဲ့ ဒုက္ခသစ္စာကို သူသွားတွေ့တယ်။ ထိုကဲ့သို့ သစ္စာသိလို့ရှိရင် - သစ္စာဆိုတာ ဒုက္ခကို ပိုင်းခြားနိုင်လို့ရှိရင်ဖြင့် သစ္စာလေးချက်က တစ်ပြိုင်တဲထင်တာပဲ။ ဒါကြောင့် ဗဟုသုတတော့မရှိဘူးတဲ့ တစ်ခုတည်းထားပြီး အလုပ်လုပ်လိုက်လို့ရှိရင်ဖြင့် ဗဟုသုတလည်း မရှိ၊ စာပေကျမ်းဂန်လည်းမတတ်၊ သူ့အလုပ်သည်ကားဆိုရင့်ဖြင့် သတိပဋ္ဌာန်လေးပါး တရားထဲက တစ်ပါးပါးကို သစ္စာဆိုက်အောင်လုပ်လိုက်တဲ့အတွက် ခရီးပေါက်သွားတယ်။ မချုံးဘဲနဲ့ ရွာတဲ့မိုးပဲတဲ့။
တတိယမိုးကတော့ ချုံးလည်းမချုံး ရွာလည်းမရွာဆိုတာက တစ်ချို့မှာ စာပေကျမ်းဂန်လည်းမတတ်၊ ဗဟုသုတလည်းမရှိ၊ ကျင့်ကြံအားထုတ်မှုလည်းမရှိ ဤကဲ့သို့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်ဆိုတာကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးသိစေလို၍ဟောတော်မူတည်ဆိုတာ သဘောကျလား?(မှန်ပါ အရှင်ဘုရား)။
စတုတ္တမိုးကတော့ဖြင့်တဲ့ စာပေကျမ်းဂန်တွေလည်း တတ်၊ ဗဟုသုတတွေလည်း အမျိုးမျိုးအဖုံဖုံရှိလို့ တရားတွေလည်း အမျိုးမျိုးအဖုံဖုံနာပြီးသကာလ၊ အားထုတ်တဲ့အခါကျတော့ တစ်ခုမှတ်ပြီး သစ္စာလေးပါးကို တစ်ခါတည်း ဒုက္ခသစ္စာပိုင်းခြားနိုင်တဲ့ဉာဏ် ရအောင်ကြိုးစားလိုက်တဲ့အခါကျတော့ သူကတော့ဖြင့် ချုံးလည်းချုံး ရွာလည်းရွာတဲ့မိုးနဲ့ တူတယ်လို့ ဒကာ၊ဒကာမတွေမှတ်ရလိမ့်မယ်။
ဒါဖြင့် ဒီတရားနာတဲ့အထဲမှာ မိုးလေးမျိုးထဲကဖြင့် ပထမမိုးအဖြစ်မှလည်း လွတ်ကြပါစို့။ စာပေကျမ်းဂန်တွေလည်း တတ်မြောက်လို့ ၊ ဗဟုသုတတွေလည်းရှိပြီး သကာလ ဒုက္ခအဆုံးကို ရောက်အောင် အားမထုတ်နိုင်လို့ရှိရင်ဖြင့် ဒကာ၊ဒကာမတို့ တော်ပါ့မလား? (မတော်ပါဘူး အရှင်ဘုရား)၊ အဲ ဒုတိယမိုးကတော့ဖြင့် စာပေကျမ်းဂန်ကတော့ ဖြင့်မတတ်ပေမယ့် ဆရာသမားဆီက သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးကို ရှုမှတ်ပွားများလို့ ဒုက္ခအဆုံးကို မျက်မှောက်ပြုသွားတယ်ဆိုမှဖြင့်လည်း ကိစ္စပြီးတာပဲ ဆိုတာ သဘောကျပလား။ ဒီပုဂ္ဂိုလ်ဟာဆိုရင်ဖြင့် မိုးသည်ကားဆိုရင် မချုံးပဲနဲ့ ရွာတဲ့မိုးပဲ။ အဲ မချုံးဘဲနဲ့ ရွာတဲ့မိုးကိုလည်း ဘုန်းကြီးတို့ ဒကာ၊ဒကာမတွေက အသက်တွေလည်းကြီးတော့ မချုံးဘဲနဲ့ ရွာတဲ့အဖြစ်ကိုလည်း အရယူကြပါလို့ ပြောလိုက်တယ်။ ဒီအချိန်ရောက်မှ သဒ္ဒါ သဂြိင်္ုဟ်ကစပြီးသကာလ ပါဠိတွေသင်မယ်ဆိုရင်လည်း သေရုံပဲရှိမယ် ခရီးတော့ပေါက်မှာ မဟုတ်ဘူးဆိုတာကို ဘုရားသခင်ကိုယ်တော်မြတ်ကြီး မြင်တော်မူ၍ ”မချုံးဘဲနဲ့ ရွာတဲ့မိုးလည်းရှိပါသေးတယ်ကွာ” ဆိုတာဥစ္စာကိုလည်း ဘုရားတိုင်းဟောသွားတဲ့အတွက် ကိုယ်လုပ်တဲ့ဥစ္စာကို သစ္စာဆိုက်အောင် လုပ်လိုက်လို့ရှိရင်ဖြင့် ကိစ္စပြီးတာပဲ။ သဘောကျပလား။ တတိယပုဂ္ဂိုလ်တော့ဖြင့် လုံးဝ ရှောင်ကြဉ်ကြပါလို့ ပြောလိုပါတယ်။ တရားကလည်းမနာ၊ သစ္စာဆိုက်အောင်လည်း မကျင့်ကြံဘူးဆိုတော့ ဒါကတော့ဖြင့် သပိတ်မှောက်ရမယ့်အလုပ်။ (မှန်ပါ)။ ဒါဖြင့် ဒကာ၊ဒကာမတို့ စတုတ္တပုဂ္ဂိုလ်ကတော့ဖြင့် စာပေကျမ်းဂန်တွေလည်းတတ်လို့၊ သစ္စာလည်းဆိုက်အောင်လည်း အားထုတ်ပြီးပြီးမြောက်တယ်ဆိုတော့ အလွန်ကောင်းတဲ့ပုဂ္ဂိုလ်လို့ မဆိုရဘူးလား၊ (ဆိုရပါမယ် အရှင်ဘုရား)။
အဲဒါကြောင့် ဒီပုဂ္ဂိုလ်လေးမျိုးထဲမှာ ဘယ်ပုဂ္ဂိုလ်ကဖြင့် မဂ်ရထိုတ်တဲ့ပုဂ္ဂိုလ်လဲ၊ (ဒုတိယနဲ့ စတုတ္တပုဂ္ဂိုလ်ပါအရှင်ဘုရား၊ ) မဂ်မရထိုက်တဲ့ပုဂ္ဂိုလ်ကတော့ဖြင့် ( ပထမနှင့် တတိယ ပုဂ္ဂိုလ်ပါ အရှင်ဘုရား)။ အဲ ဒီလို ဘုရားဝေဖန်ပြီးဟောလိုက်ပါတယ်။ ဒီတော့ တို့ဒကာ၊ဒကာမတွေက တို့မှာတော့ဖြင့် စာပေကျမ်းဂန်ကလည်းမတတ်၊ ဗဟုသုတအားဖြင့်လည်းမရှိတော့ တို့ဒီဘဝ မဂ်ဖိုလ်ကြီးမှ ရောက်နိုင်ပါ့မလား လို့ ဒီလို မယူပါနဲ့တဲ့။ သတိပဋ္ဌာန်လေးပါး တစ်ပါးပါးကိုယူ၍ ဖြစ်ပျက်မြင်အောင်ကြည့်ပါ။ ဖြစ်ပျက်မုန်းအောင်ကြည့်ပါ။ ဖြစ်ပျက်ဆုံးအောင်လည်း ကြည့်လိုက် ရင်တော့ဖြင့် ကိစ္စပြီးတာပဲ။ များသောအားဖြင့် ဒုတိယပုဂ္ဂိုလ်က ပိုပြီးများလိမ့်မယ်ဆိုတာ ခန့်မှန်းမသိရပေးဘူးလား၊ (သိရပါတယ် အရှင်ဘုရား)၊ ဒါဖြင့် တို့ ဒကာ၊ဒကာမတွေက တို့ကောဒီဘဝရမှ ရပါ့မလားလို့ ငြီးလုံးလေးတွေ မထုတ်လိုက်ပါနဲ့။ စာပေလည်းမတတ်ဘဲ တို့မှာ ဆရာသမားပြောတဲ့အတိုင်းလုပ်နေလို့ ကိစ္စရောပြီးမှပြီးမလားလို့ ငြီးလုံးလေးတွေ မထုတ်လိုက်ပါနဲ့တဲ့။ မချုံးဘဲနဲ့ ရွာတဲ့မိုးလည်းရှိပါတယ်ဆိုတာ ပြောလိုက်တယ်။
ကောင်းပြီးဒါဖြင့် အားမငယ်စရာ၊ ဒုတိယပုဂ္ဂိုလ်အတွက် အားမငယ်စရာပဲ။ ဘာကြောင့် အားမငယ်စရာလို့ ပြောရတာလဲဆိုတော့ - စာဆိုတဲ့ဥစ္စာက ဘယ်အချိန်က စပေါ်တယ်ဆိုတဲ့ ပင်ရင်းကိုလိုက်နော်။ စာဘယ်အချိန်က စပြီး စာတွေစုပြီး စာဘယ်အချိန်က ဖြစ်ထွန်းကြပါသလဲဆိုရင် ဘုရားပရိနိဗ္ဗာန်စံပြီး (၇)လောက် ရှိမှ ပထမသင်္ဂါယနာတော်တင်ဆိုတော့ စာစုပွဲကြီးလုပ်တာ။ သဘောကျပလား (မှန်ပါ အရှင်ဘုရား)။ ဒါဖြင့် ဘုရားပွင့်တာနဲ့ ပထမသင်္ဂါယနာတော်တင်တဲ့ စာစုပွဲနဲ့ ဘယ်သူကရှေ့၊ ဘယ်သူကနောက်ဆိုတာ ပေါ်ကြပါလား? ဘုရားကအရင်၊ စာကနောက်။
ဒါဖြင့် တစ်ခါစဉ်းစားတော့ ဘုရားဖြစ်ပြီးသကာလ ဘုရား၏ အလုပ်ကိုလုပ်လို့ ကျွတ်တမ်းဝင်သွားတဲ့ ပုဂ္ဂိုလ်နဲ့ စာတွေစုပြီး ပေါ်လာပြီးအချိန်ကျမှ ကျွတ်တန်းဝင်တဲ့ပုဂ္ဂိုလ်နဲ့ နှိုင်းယှဉ်လို့ကော ရပါ့မလား? (မရပါဘူး အရှင်ဘုရား)။ စာမပေါ်ခင် ဘုရားလက်ထက်က ကျွတ်တမ်းဝင်တဲ့ ပုဂ္ဂိုလ်က ပိုများတယ်။ အဲဒါကြောင့် ဒါတွေ ထောက်ကြည့်ခြင်းအားဖြင့် ဘုရားလက်ထက်တုံးက များသောအားဖြင့် (၂)နံပါတ်မိုးနဲ့တူတဲ့ ပုဂ္ဂိုလ်က ပိုများလိ့မ်မယ်ဆိုတာလည်း ခင်ဗျားတို့ သဘောကျဖို့ကောင်းတယ်။ (မှန်ပါအရှင်ဘုရား)။ ဘာဖြစ်လို့တုံး၊ စာမရှိ ပေမရှိ ခင်က ကျွတ်တမ်းဝင်ကြရတာ။ ဒါဖြင့် ဘယ်ပုဂ္ဂိုလ်ထဲရောက်တုံး။ ဒုတိယပုဂ္ဂိုလ်ထဲကို ရောက်ပါတယ်အရှင်ဘုရား။ ဒါကြောင့် ဘုရားသည် ဘယ်လိုမျိုးပုဂ္ဂိုလ်တွေကို အများကြီး ကျွတ်တမ်းဝင်အောင်ကြိုးစားပါလိမ့်မလဲဆိုတော့ သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးကို သစ္စာဆိုက်အောင် ပြပြီးသကာလ ကိုယ်တော်မြတ်ကြီးသည် ကျွတ်တမ်းဝင်အောင် ဆွဲငင်သွားတယ်ဆိုတာ ငြင်းနေဖို့လိုသေးလား။ (မလိုပါဘူး အရှင်ဘုရား)။ အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတို့လည်း အားမငယ်နဲ့ဆိုတာကို မိုးလေးမျိုးဥပမာနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး စတုက္ကနိပါတ် အင်္ဂုတ္တုရ်ပါဠိတော်မှာ ကိုယ်တော်တိုင်ဖွင့်ဟ ပြီးပြောတယ်ဆိုတော့ အားငယ်စရာများရှိသေးလား။ (မရှိပါဘူးအရှင်ဘုရား)။
ကောင်းပြီး ဒါဖြင့် ဝေဒနာရှုတဲ့ပုဂ္ဂိုလ်က ဝေဒနာကိုဆုံးအောင်လိုက်၊ စိတ်ရှုတဲ့ပုဂ္ဂိုလ်က စိတ်ကိုဆုံးအောင်လိုက်၊ ရုပ်ရှုတဲ့ပုဂ္ဂိုလ်က ရုပ်ကို ဆုံးအောင်လိုက်၊ သစ္စာရှုတဲ့ပုဂ္ဂိုလ်မှာ သစ္စာအဆုံးကိုလိုက်လိုက်ရင် ပြီးတာပဲ။ ဒုက္ခသစ္စာအဆုံးမှာ နိရောဓသစ္စာရှိတယ်ဆိုတော့ ဒုက္ခအဆုံးကိုလိုက်လိုက်လို့ရှိရင် ဒုက္ခအဆုံးမှာ နိရောဓနိဗ္ဗာန်ကို မျကမှောက်ပြုတာပဲ။ အဲတော့ နိဗ္ဗာန်ရမှုမှာ အလုပ်အပေါ်မှာ မှီတော့တယ်ဆိုတာ မသေချာဘူးလား။ ဒါဖြင့် မိုးလေးမျိုးဥပမာဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောခဲ့တဲ့အတွက် စာမတတ်၊ပေမတတ်သမားတွေလည်း မဂ်ဖိုလ်နိဗ္ဗာန်ရောက်တယ်ဆိုတာကို ထောက်ခံချက်ပေးလိုက်တာပဲ။ စာတတ်ပေတတ်သမားလည်း အလုပ်လုပ်ရင် မဂ်ဖိုလ်နိဗ္ဗာန်ရောက်တယ်ဆိုတာကို ဘုရားသခင်ကိုယ်တော်မြတ်ကြီး မထောက်ခံဘူးလား။ (ထောက်ခံပါတယ် အရှင်ဘုရား)။ ဒါဖြင့် ဒီနှစ်မျိုးထဲကသာ ဖြစ်ကြပါစို့ ဆိုတာကို ဒကာ၊ဒကာမတို့ကို အလေးအနက်တိုက်တွန်းလိုတယ်။
ကောင်းပြီးဒါဖြင့် အလုပ်သဘောကို ပြောကြပါစို့ဆိုတော့ အလုပ်သဘောဆိုတာသည် ပညာဆိုက်အောင်လုပ်တာပဲ။ ပညာဆိုတာ - ထိုးဖောက်နိုင်တဲ့နေရာမှာ ထိုးဖောက်နိုင်စွမ်း စွမ်းရည်သတ္တိရှိတယ်၊ ပညာဆိုတာဘာပါလိမ့် ( ထိုးဖောက်နိုင်တဲ့နေရာမှာ ထိုးဖောက်နိုင်စွမ်း စွမ်းရည်သတ္တိရှိတယ်ပါတယ် အရှင်ဘုရား)၊ အဲ ပညာဆိုတာ ထိုးဖောက်နိုင်တဲ့နေရာမှာ ထိုးဖောက်နိုင်စွမ်း စွမ်းရည်သတ္တိရှိတယ်၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာဝိညာဏံ ဆိုပြီး ပဋိသန္ဓေနေခဲ့ကြတယ်။ ပညာဆိုတာကို ဝိဇ္ဇာလို့လည်းခေါ်နိုင်တယ်။ လောကမှာဟဲတဲ့ အမြတ်ဆုံးဆိုတာ ပညာသည် အမြတ်ဆုံးပဲတဲ့။ ဘာဖြစ်လို့လည်းဆိုရင် ပညာသည် သူများမထိုးဖောက်နိုင်သည့်အရာကို ပညာက ထိုးဖောက်နိုင်စွမ်းရှိလို့ပဲတဲ့။ ပညာမရှိရင် အမှောင်ထဲကမွေးလာပြီး အမှောင်ထဲကိုဦးတည်ပြီးထိုးဆင်းတယ်။ ပညာသည် အဝိဇ္ဇာအမှောင်မိုက်အား ထိုးဖောက်နိုင်စွမ်းရှိတယ်။ ဒါကြောင့် လောကထဲမှာ ပညာသည် အမြတ်ဆုံး ဥစ္စာပဲလို့ မြတ်စွာဘုရားရှင် မိန့်မှာတော်မူခဲ့တာဖြစ်တယ်။
မိလိန္ဒမင်းကြီးက နာဂသေနာမထေရ်အရှင်မြတ်ကြီးကြီးအား ”ပညာနဲ့ ဉာဏ်” သည် ဘာများထူးပါသလဲလို့ မေးလိုက်တယ်။ ဒကာကြီး ပညာ နဲ့ ဉာဏ်သည် အတူတူပါပဲတဲ့။ ပညာလို့ သုံးသုံး၊ ဉာဏ်လို့သုံးသုံးတဲ့။ အမောဟ သုံးသုံးတဲ့။ ဝိမံသ သုံးသုံးတဲ့။ ပညာနဲ့ ဉာဏ်က အတူတူပဲတဲ့။ ပညာဉာဏ်သားကား ဆိုလို့ရှိရင်ဖြင့် ဘယ်လိုများ သူသည်ပေါ်သလဲဆိုရင်
ပညာဉာဏ်ဆိုတဲ့ ဥစ္စာသည် လက္ခာကြီးသုံးပါးကို အာရုံပြုပြီးသကာလပေါ်ရတယ်။ အနိစ္စရှိ၍ အနိစ္စသိရင် ပညာပဲ၊ ဒုက္ခရှိလို့ ဒုက္ခသိရင် ပညာပဲ။ အနတ္တရှိလို့ အနတ္တသိရင် ပညာပဲ။ ဒုက္ခသစ္စာရှိလို့ ဒုက္ခသစ္စာသိရင် ပညာပဲ။ ပညာသည် အနိစ္စကြောင့် အနိစ္စသိတဲ့ဉာဏ် ဖြစ်သည်၊ ဒုက္ခကြောင့် ဒုက္ခသိတဲ့ဉာဏ်ဖြစ်သည်၊ အနတ္တကြောင့် အနတ္တသိတဲ့ဉာဏ် ဖြစ်သည်။ အနိစ္စမှ ဟောပြောသည့်ပုဂ္ဂိုလ်မရှိရင် အနိစ္စကို ဘယ်လိုရှုမြင်သုံးသပ်ရာသိပြီး ဘယ်လိုပညာဖြစ်ပေါ်တော့မှာလဲ။ သဗ္ဗေသင်္ခါရအနိစ္စ ဘုရားတိုင်း မဟောကြဘူးလား၊ (ဟောပါတယ်အရှင်ဘုရား)၊ သဗ္ဗေသင်္ခါရဒုက္ခ၊ သဗ္ဗေသင်္ခါရအနတ္တ ဆိုပြီး လူတိုင်း မရကြဘူးလား(ရကြပါတယ် အရှင်ဘုရား) အဲ ရကြတယ်၊ ကြားဖူးကြတယ်။ သို့သော် သူတို့မြင်ကြလား၊ မမြင်ကြဘူး။ ဘာလို့မမြင်ကြသလဲဆိုတော့ အဝိဇ္ဇာအမှောင်တိုက်ကြီးဖုံးနေလို့။
ဝိပဿနာအားထုတ်ဖို့ တိုက်တွန်းတယ်ဆိုတာ အမှောင်တိုက်ကို အလင်းထိုးဖောက်ခိုင်းတာပဲ။
တကယ်အရှိကို တကယ်သိအောင်လို့ ဝိပဿနာလုပ်ခိုင်းတာပါ၊ ပညာဝင်လာရင် အဝိဇ္ဇာလည်း ချုပ်တာပဲ။ အဝိဇ္ဇာတည်းဟူသော တရားပေါ်လာရင် ပညာချူပ်တာပဲ။ ပညာလည်း ချုပ်တဲ့တရား၊ အဝိဇ္ဇာလည်း ချုပ်တဲ့တရား။ ဒီလိုဆိုတော့ သူတို့ကြား ဘာထူတုံးလို့ မေးတော့ – ချုပ်တဲ့တရားချင်းမှာ မတူသေးဘူးတဲ့။ ချုပ်ပုံခြင်း မတူသေးဘူး။ ဥပမာကွာတဲ့- စားချင်တဲ့စိတ်ကလေးပေါ်လာတယ်ဆိုပါတော့– ဒီစားချင်တဲ့စိတ်ကလေး ချုပ်ပျောက်သွားတာကို မေ့လျော့အားကြီးစွာဖြင့် မသိတဲ့ပုဂ္ဂိုလ်က ပညာမဟုတ်သေးဘူးတဲ့။ ပညာမဟုတ်ကြောင့် ဘယ်သူက သက်သေခံသလဲဆိုတော့ စားချင်တဲ့စိတ်ကလေးဖြစ်ပေါ်တယ်ဆိုရင် မြန်မြန်ယူခဲ့၊ မြန်မြန်ဝယ်ခဲ့ဆိုတာ မှာတော့တာပဲ။ အဲဒီအသိကတော့ဖြင့် ကလေးလည်း သိ၊ တိရစ္ဆာန်လည်း သိဖြစ်သောကြောင့် ပညာလို့ မဆိုပါနဲ့တဲ့။ စားချင်တဲ့စိတ်ကလေးပေါ်လာပြီး ၎င်းစိတ်ချုပ်ပျောက်သွားခြင်းကို ရှုမြင်သိတဲ့အသိကမှ ပညာဖြစ်ပါတယ်။ ပညာသည် ဘာကိုသိပါသလဲဆိုတော့ – ပညာသည် ဖြစ်ပျက် အနိစ္စလက္ခဏာကို သိတယ်၊ ဒုက္ခလက္ခဏာကို သိတယ်၊ အနတ္တလက္ခဏာကိုသိတယ်။
ဒါဖြင့် အဲဒီပညာလာတဲ့အချိန်မှာ အဝိဇ္ဇာချုပ်တယ်။ အဲဒီအဝိဇ္ဇာဘယ်လိုချုပ်တာလည်းဆိုတော့ ဤနေရာပေါ်ရင် ဤနေရာချုပ်တာပဲလို့သာမှတ်ပေတော့၊ ကောင်းကင်းမှာ လျပ်စီးကလေးပေါ်ရင် အဲဒီတိမ်ကြားပေါ်ပြီး အဲဒီတိမ်ကြားမှာတင်ပဲ ချုပ်ပျောက်ရတာပဲမလား။ ဥပမာဆိုပါတော့– မှောင်နေတဲ့အခန်းမှာ မီးဖွင့်လို့ လင်းသွားတာသည် အမှောင်နေရာမှာပဲ အလင်းအစားထိုးဖြစ်ပေါ်သွားတာပါ။ အမှောင်က အလင်းဝင်လို့ တန်းစီပြီးထွက်သွားတာမဟုတ်ပါဘူး။ အမှောင်ချုပ်တဲ့နေရာမှာ အလင်းပေါ်လာတာပါပဲ၊ အလင်းပေါ်လာတဲ့နေရာမှာ အမှောင်ချုပ်ရတာပါပဲ။ ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်မှာ ဤနေရာပေါ်၍ ဤနေရာပျောက်သည်ဆိုတာကို သိမှသာ ပညာဖြစ်တာပေါ့ဗျာ။ ဘယ်စိတ်ပေါ်ပေါ် ပေါ်တဲ့နေရာမှာ ချုပ်ပျောက်ရသည်ပဲ။ ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်မှာ ဘယ်စိတ်ပေါ်ပေါ် ပေါ်တဲ့နေရာမှာ ၎င်းစိတ်ချုပ်ပျောက်တဲ့ ဖြစ်ပျက်ကို ရှုမြင်တော့ ဖြစ်ပြီးပျက်တဲ့စိတ်ကို ဟုတ်တိုင်းမှန်စွာသိမြင်တဲ့ ယထာဘူတဉာဏ်ဖြစ်တယ်။ ပညာပေါ်တော့ အဝိဇ္ဇာချုပ်တယ်။ အဝိဇ္ဇာအမှောင်ထဲကို ပညာအလင်းဝင်သွားလို့ ဖြစ်ပျက်အနိစ္စကို သိမြင်တာပဲ။ ပညာအလင်းမဖြစ်ရင် ဖြစ်ပျက်အနိစ္စကို ဟုတ်တိုင်းမှန်စွာမသိမြင်ဘဲ အဝိဇ္ဇာအမှောင်က မှောင်လျက်ပဲဖြစ်နေတော့တယ်။ အနိစ္စ၊ဒုက္ခ၊အနတ္တမှ တစ်ချက်ချက်ကိုမှ မသိမြင်တဲ့ပုဂ္ဂိုလ်က အမှောင်ထဲမွေး၊ အမှောင်ထဲသေဖြစ်မှာစိုးလို့ ဟောပြောနေတာပါ။ အဝိဇ္ဇာနဲ့မွေး၊ အဝိဇ္ဇာနဲ့သေဆိုရင် ဒုက္ခထပ်ဆက်ပြီးကောင်းပါ့မလား၊ မကောင်းလို့ သေချာဟောပြထောက်ပြနေရတာပါ။ ပညာအလင်းပေါ်တော့ အဝိဇ္ဇာအချုပ်ပျောက်ရတယ်၊ အဝိဇ္ဇာချုပ်ခြင်းကြောင့် ပညာသည် အရှိကို သွားတွေ့တယ်။ အနိစ္စအရှိကို သွားတွေ့တယ်။ ဆရာကောင်း သမားကောင်း၏ တရားကို မနာယူတဲပုဂ္ဂိုလ်ကတော့ဖြင့် ပညာဆိုတဲ့အလင်းမဖြစ်ပေါ်ဘဲ အဝိဇ္ဇာအလွှာကထူထဲပြီးတော့နေတော့တယ်ဆိုတာကို သဘောပေါက်ပြီလား။ ဒါဖြင့် ဖြစ်ပျက်စိတ်ကိုမှာ ကိုယ့်သန္တာန်မှာ ဖြစ်ပြီးပျက်သွားပြီလို့ မှမသိရင်တော့ဖြင့် အသက်တစ်ရာနေရငြားသော်လည်း သက်ဆိုးရှည်လို့မှတ်ပါ။ သက်ဆိုးရှည် လို့မှတ်ပါ။ ဒီတော့ အသက်တစ်ရာနေရာတာထက် ဖြစ်ပျက်ကလေးတစ်ချက်မြင်တာက ပိုပြီးအကျိုးမြတ်သေးတယ်ဆိုတာ ဓမ္မပါဒကလည်း ဆိုပြန်တယ်။ ဒါကြောင့် ဒီဝိပဿနာအလုပ်ကို လုပ်ပါဆိုတာကိုတော့ဖြင့် အထူတလည်တိုက်တွန်းနေစရာ လိုသေးလား၊ (မလိုတော့ပါဘူး)။ ဘုန်ကြီးပြောတဲ့အတိုင်း ဘုန်းကြီးတို့ ဒကာ၊ဒကာမတွေက နားမထောင်ဘူး၊ ဆရာဘုန်ကြီးကတော့ဖြင့် နေတိုင်းပြောနေတယ်၊ သို့သော်လည်း သားရေး၊ သမီးရေးက ပိုပြီးအရေးကြီးနေတယ်ဆိုပြီး မရှုမြင်ဘူး၊ မကြည့်ပါဘူးဆိုရင်တော့ဖြင့် ခင်ဗျားတို့ လေချိုသွေးသလောက် အပယ်လေးပါးကို သွားရလိမ့်မယ်။ အမှောင်ထဲမွေး၊ အမှောင်ထဲသေးပဲကိုးဗျ။ ပဋိသန္ဓောကစပြီး သောက ပရိဒေဝနဲ့ အဆုံးသတ်တယ်ဆိုတော့ မသိလို့ သောကဖြစ်တာကိုးဗျ။ မသိလို့ ပရိဒေဝဖြစ်တာကိုးဗျ။ အကုသလာ သင်္ခါရ ဆိုတော့ အကုသိုလ်သင်္ခါရ နဲ့ပဲ သင်္ခါရ ပစ္စယာ ဝိညာဏံဆိုတော့ ဒယ်အိုးထဲသွားပြီး ပဋိသန္ဓေနေတာဗျ။ ဘယ်လောက်ကြောက်စရာကောင်းလဲ။ သဘောပါပြီးလား? (ပါပါပြီ အရှင်ဘုရား)။ ဒီတော့ ဆရာဘုန်းကြီးတိုက်တွန်းတာသည် ခင်ဗျားတို့ အမှောင်ထဲမွေးလာလို့ အလင်းထဲရောက်အောင်လို့ ။ ခင်ဗျားတို့ မွေးကတည်းက လူလားသာမြောက်လာတယ်၊ ခန္ဓာမှာ အနိစ္စရှိတယ်ဆိုတယ် ဆိုတာကိုကော သိရဲ့လား၊ (မသိပါဘူး) ဘာဖြစ်လည်းဆိုတော့ အမှောက်ထဲက မွေးလာလို့။ ဘုန်းကြီးတို့ ဒကာ၊ဒကာမတို့က အရှိလေးကိုမှ မသိပါဘူးဆိုရင်တော့ဖြင့် အောင် သူ့အတွက် မစဉ်းစားပါနဲ့တော့။ သေတောင်မှ သူငယ်မစင်တာနဲ့ ကျွတ်မှာမဟုတ်ဘူး အဲဒါ။ အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ၊ဒကာမတို့က ဒီတစ်ခါ အမိယူပါဆိုတာကိုတော့ဖြင့် သေချာပြောတယ်။ အဝိဇ္ဇာချုပ်အောင်ဉာဏ်စခန်းတွေ ပြောနေတဲ့ ဆရာကောင်း၊ သမားကောင်းနဲ့ ဆုံတွေ့နေတဲ့အချိန်ခဏ လွန်သွားရင်တော့ဖြင့် ခင်ဗျားတို့အပယ်သွားပြီးဟဲတဲ့။ ခင်ဗျားတို့ ကိုတရားနာစေချင်လို့၊ အားထုတ်ပါစေလို့ ကရုဏာရှိလို့ပြောတာမဟုတ်ဘူး၊ ပင်ကိုယ်သဘောကို ပြောနေတယ်လို့မှတ်ပါ။ သဘောကျပါလား၊ ပင်ကိုယ်သဘောကို ပြောနေတယ်ဆိုတာကို သဘောကျပါလား။
ယခင်တုံးကလည်း အဝိဇ္ဇာနဲ့နေခဲ့တယ်၊ အဝိဇ္ဇာနဲ့ပဲမွေးလာတယ်၊ ဒီအဝိဇ္ဇာနဲ့ပဲနေတော့တယ်ဆိုရင်တော့ဖြင့် ဒီအဝိဇ္ဇာဖြင့်သေရင် အမှောင်ထဲကလာ၊ အမှောင်ထဲမွေး၊ အမှောင်ထဲမှာနေပြီ၊ အမှောင်ထဲမှာသေပြီး၊ အမှောင်ထဲကို ပြန်သွားရတယ်ဆိုတာ မနစ်နာဘူးလား။ ပညာမပါတဲ့ပုဂ္ဂိုလ်ကျတော့ ဒီအတိုင်းဖြင့် မနေကြဘူးလား။ ဒါဖြင့် အနိစ္စမှ၊ ဖြစ်ပျက်မှ မတွေ့ရင်တော့ဖြင့် ဘယ်လိုဆုံးဖြတ်ချက်ချမတုံး၊ အဝိဇ္ဇာ အမှောင်နဲ့ပဲနေကြတာပဲ။ ဒါကြောင့် သာမည ဒါန၊ သီလလောက်နဲ့ မတင်းတိမ်လိုက်ပါနဲ့ ဆိုတာ မပြောရပေဘူးလား။ အဲ..ပြောရမယ်။ ပညာဆိုတာ အင်မတန်အရေးကြီးပါတယ်။
ပညာဆိုတာ ဘုန်းကြီးက မြင်အောင်ပြောတတ်ရင် မြင်ပါတယ်။ ခင်ဗျားတို့ အခု ဘုန်းကြီးပြောတဲ့အသံကို နားထဲမှာ မကြားကြဘူးလား၊(အခုစာကို ဖတ်နေတာကို မမြင်ဘူးလား၊ မမှတ်ဘူးလား)၊ အဲဒီအသံကြားတာသည် သူကြားတာလား၊ ငါကြားတာလား၊ ကြားစိတ်ကလေးကကြားတာလား (အခုစာဖတ်နေတာသည် သူဖတ်နေတာလား၊ ငါဖတ်နေတာလား၊ မြင်စိတ်လား(ဝါ) မှတ်သားမှုသဘောလား)(ဤသဘောအတိုင်း ရှုမြင်လေ) ၊ ဒါဖြင့် အသံကသွားပြီးသကာလ နားရုပ်ကို သွားတိုက်လိုက်တဲ့အခါကျတော့ ကြားစိတ်ကလေးတစ်ခုမပေါ်ဘူးလား။ (ပေါ်ပါတယ် အရှင်ဘုရား) အဲဒီကြားစိတ်ကလေးက ဘုန်းကြီးကရပ်လိုက်တယ်ဆိုရင်တော့ဖြင့် ခင်ဗျားတို့ နောက်ထပ် ကြားကြသေးရဲ့လား။ ဒီတော့ အဲဒီကြားစိတ်က မိမိနားထဲ ပေါ်လည်းပေါ်တယ်၊ ပျောက်လည်းပျောက်တယ်လို့ မဆိုနိုင်ဘူးလား။ ပေါ်လည်းပေါ် ပျောက်လည်းပျောက်တယ်ဆိုတော့ အနိစ္စအချက်ကလေးပဲ။ အဲဒါလေးကို ဒကာ၊ဒကာမတို့က ကြားသာနေတယ်၊ ပျောက်တာလေးကို နှလုံးမသွင်းပြန်တော့လည်း ကြားလို့ကောင်းတယ်ဆိုတော့၊ ကြားရတာသဘောကျတယ်ဆိုတဲ့ တဏှာကလိုက်တယ်၊ ဒါကြောင့် ကြားတဲ့စိတ်ကလေးလာလည်း ဒကာ၊ဒကာမတို့သန္တာန် အခုမြင်၊ အခုပျောက်ဆိုတာ ငြင်းဖို့လိုသေးလို့လား၊ မလိုပါဘူး အရှင်ဘုရား။ ကြားတဲ့စိတ်က အခုပေါ် အခုပျောက်တာ မောင်နိုင်မောင်က မေးတော့ မထင်ရှားလား။ ထင်ရှားပါတယ်။ ကြားတဲ့စိတ်က ဤနေရာပေါ် ဤနေရာပျောက်တယ်ဆိုတာကို သိလိုက်သဖြင့် ”သောတဝိညာဏံ အနိစ္စံ ” ဆိုတဲ့အတိုင်း ဘုရားသခင်ကိုယ်တော်မြတ်ကြီး က ပါဠိနဲ့ဟော၊ တို့သန္တာန်၌ ကြားတဲ့သဘောကလေးက ပျောက်လေရဲ့။ ကြားလည်းကြားတယ် ပျောက်လည်းပျောက်တယ်ဆိုတာတော့ မသိပေဘူးလား။ အဲဒါ အနိစ္စအချက်ကလေး သိလိုက်တာသည် ဒကာ၊ဒကာမတို့ ဤအချိန်မှာ ခင်ဗျားတို့ အဝိဇ္ဇာချုပ်လို့ ဝိဇ္ဇာဝင်လာလို့သာလျင် ခင်ဗျားတို့ မြင်လိုက်ရတာ၊ ဉာဏ်မြင်ပေါ့ဗျာ။ အလုံးကလေး ပေါက်ခနဲ့ကွဲသွားသလိုတော့ ဘယ်ဟုတ်မလဲ။ အဲဒီလို တစ်ချက်ကလေးမြင်လိုက်လို့ရှိရင် ဖြစ်တဲ့စိတ်ကလည်း ချုပ်ရော၊ သူ့နောက်က လိုက်ပြီး မြင်တဲ့စိတ်ကလည်း ချုပ်သွားတာပဲတဲ့။ သို့သော် ဒီတစ်ခုအမြင်သည်ကားဆိုရင် အဝိဇ္ဇာနဲ့ အများကြီးခြားနားပါတယ်တဲ့။ သူ့ဘာဝနာကံကတော့ မချုပ်ဘူး။ သဘောကျပါလား၊ ပညာကတော့ဖြင့် ဖြစ်ပျက်ရှုပြီး၊ အဲ တစ်ခါသိပြီး အဲဒီမြင်တဲ့စိတ်က ၁-၂ ဆို မချုပ်ဘူးလား။ ချုပ်တာပဲ။ သို့သော် သူ့ဘာဝနာကံရဲ့စွမ်းရည်သတ္တိကတော့ဖြင့် မချုပ်ဘူးတဲ့။ သဟဇာတအချက်ကရှိနေတော့ ဒီဟာလေးက ကျေးဇူးပြုပြီးသကာလ ဒကာ၊ဒကာမတွေမှာ ဒီအနိစ္စလေးကိုမြင်တဲ့ဉာဏ် ပျောက်တယ်လို့ရှိသေးရဲ့လား။( မရှိပါဘူး အရှင်ဘုရား)။(သဟဇာတအချက်ဆိုသည်ကို ဆီမီးဥပမာနဲ့ မှတ်သားပါ– မီးခြစ်ဆန်နဲ့ မီးခြစ်ပုံးထိလိုက်တဲ့အခါမှာ မီးတောက်ပေါ်လာပါတယ်၊ မီးတောက်ပေါ်လာတာနဲ့ တပြိုင်နက် အရောင်အလင်းပါပေါ်လာပါတယ်၊ မီးတောက်နဲ့အလင်း ဘယ်ဟာက အရင်ဖြစ်သလဲဆိုတော့ အတူတူပဲ ဖြစ်ပါတယ်၊ မီးတောက်ကြောင့် အရောင်အလင်းဖြစ်သလို အရောင်အလင်းကြောင့်ပဲ မီးတောက်ကိုမြင်ရတာဖြစ်ပါတယ်၊ မီးတောက်နဲ့ အရောင်အလင်း အချင်းချင်း သဟဇာတပစ္စည်းနဲ့ကျေးဇူးပြုနေပါတယ်၊ လောကမှာ မိသားစုအချင်းချင်း တိုင်တိုင်ပင်ပင်နဲ့ စီးပွါးရေး လူမှုရေး ဘာသာရေး သာသနာရေးကိစ္စတွေ ဆောင်ရွက်ရာမှာလဲ အပြန်ပြန်အလှန်လှန် သဟဇာတပစ္စည်းနဲ့ ကျေးဇူးပြုနေပါတယ်။) နောက်တစ်ခါ နှလုံးသွင်းလိုက်လို့ရှိရင်လည်း ပေါ်ပေါ်မလားဘူးလား။ အဲဒီတော့ ပညာသာချုပ်သွားတာတဲ့။ ဘာဝနာကံ၏ အကျိုးဆက်က ချုပ်ပါရဲ့လား။ မချုပ်ပါဘူး။ ဒါဖြင့် မိလိန္ဒမင်းကြီးက နာဂသေနမထေရ်အရှင်မြတ်အား - အရှင်ဘုရား ပညာကတော့ဖြင့် ၁-၂ ဆိုချုပ်သွားတယ်။ သူ့အမြင်ဓာတ်ကလေး ဆိုတဲ့သဘောကလေးက မချုပ်သေးဘူးဆိုတဲ့ဥစ္စာ တပည့်တော်မရှင်းပါဘူးအရှင်ဘုရား၊ ပညာပျောက်လို့ရှိရင် အနိစ္စ၊ဒုက္ခ၊အနတ္တတွေလည်းအကုန်ပျောက်ပြီး နောက်လည်း ပေါ်စရာအကြောင်းမရှိပါဘူး အရှင်ဘုရား။ ဟာ တကာကြီး ဒီလိုမယူပါနဲ့တဲ့။ ရှုတဲ့ပညာသာ ချုပ်သွားတယ်။ ဘာဝနာကံကတော့ ကျန်နေတယ်။
ဒါဖြင့်ဘုရားတဲ့ တပည့်တော်ကို ဥပမာနဲ့ ရှင်းပြပါအရှင်ဘုရားတဲ့။ ဒကာ၊ ဒကာမတို့ ဝိပဿနာတစ်ချက်မြင်တဲ့ အကျိုးကျေးဇူးကို ပြောနေတာနော်။ ကိုင်း ဒါဖြင့် ငါ ပြောပြမယ် ဒကာကြီးရ။ သေချာနားထောင်ပါ။ ” လူတစ်ယောက် ညမှာ သတိရတယ်တဲ့။ စားရေးချင်တယ်။ မည်သူ့ဆီကို ပေးချင်လို့ စားရေးချင်တယ်။ စားရေးချင်တဲ့အခါကျတော့ အမှောင်ထဲ ရေးလို့ ဖြစ်ပါ့မလား။ မီးလေးထွန်းပြီးသကာလ ရေးလိုက်တယ်။ ကိုယ်လိုချင်တဲ့အကြောင်းအရာတွေ ပြီးပြီဆိုပါတော့။ ဒါဖြင့် စာလေးရေးပြီးရော မီးငြိမ်းလိုက်တယ်ကွာ၊ မီးငြိမ်းလိုက်တယ်ဆိုတော့ စားကို မြင်ရသေးရဲ့လား၊ မမြင်ရတော့ပါဘူးတဲ့။ သို့သော် မီးငြိမ်းလို့သာ မမြင်ရတာ၊ မနက်မိုးလင်းလို့သွားကြည့်တော့ ဒီစာရွက်မှာ ဒီစာလုံးတွေ အကုန်ရှိတယ်။ မရှိဘူးလား၊ (ရှိပါတယ် အရှင်ဘုရား)။ အဲ ဒါဖြင့် ဒကာ၊ ဒကာမတို့ ခုနားက ပညာသာ ချုပ်ငြားသော်လည်း ပညာရဲ့စွမ်းရည်သတ္တိ ကျန်နေတယ်ဆိုတဲ့သဘောမျိုးကို ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေတို့မှာလဲတဲ့ ဒီ ပညာချုပ် သွားငြားသော်လည်း ဒီပညာက တစ်ချက် အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြင်ပြီးပြီဆိုရင်တော့ဖြင့် ဒီအနိစ္စ၊ ဒုက္ခ၊ အနတ္တကို သိတဲ့ကံတွေဟာ ဘယ်တော့မှ မချုပ်တော့ဘူး။ နောက်တွေ့လည်း အနိစ္စ၊ နောက်ကိုလည်း အနိစ္စပဲတွေ့တယ်တဲ့။ စာကျန်နေသလိုကျန်နေတာပဲတဲ့။ (စိတ်ဆိုစိတ်- ဝေဒနာဖြင့် ဝေဒနာအား ဉာဏ်စိုက်လိုက်တာနဲ့ စိတ်၏ အနိစ္စလက္ခဏာကိုတစ်ခါမြင်ထားရင် နောက်တစ်ခါလည်း သိမြင်တာပဲ၊ ဝေဒနာ၏ အနိစ္စလက္ခဏာကိုလည်း အရင်က ဖြစ်ပျက်တစ်ခါမြင်ထားရင် နောက်လည်း မြင်တာပဲဆိုတဲ့ - ဉာဏ်အလင်းကျန်နေတယ်ဆိုတဲ့သဘောကို ပြောခြင်းဖြစ်ပါတယ် ဆိုတာကို ကျွန်တော်နားလည်ပုံကလေးကိုပါ ကြားဖြတ်ဖော်ပြလိုပါတယ်)။
ဒါဖြင့် ဝိပဿနာတစ်ချက်ပေါက်ဖို့ သိပ်အရေးကြီးပါတယ်။ ဒကာ၊ ဒကာမတို့ ဘုန်းကြီးဘာကို တိုက်တွန်းပါလဲ။ ဝိပဿနာတစ်ချက်ပေါက်ဖို့တိုက်တွန်းပါတယ်။ ဖြစ်ပျက်ကလေးနဲ့ ခင်ဗျားတို့ရှုတဲ့ မဂ်နဲ့တစ်ချက်ဖြင့် တွေ့အောင်ရှာ။ သဘောကျပါလား၊ အဲလိုရှာပြီးလို့ရှိရင် နောက်ကို ခင်ဗျားတို့သည်ကားဆိုရင်ဖြင့် ဒီအပျက်ကလေးတွေ့ဖူးပါတယ်–တွေ့ဖူးပါတယ်ဆိုတဲ့ဥစ္စာဟာ ဒကာ၊ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ အပျက်ပဲရှိတယ်ဆိုတာ သိပြီးသားဖြစ်ပါတယ်။ မဟုတ်ဘူးလား၊ တကယ်ဉာဏ်နဲ့ ကြည့်ရင် အပျက်ကြီးပဲ ဘာမှမရှိဘူး၊ အပျက်ကြီးပဲ ဘာမှမရှိဘူး။ ဆိုတဲ့ဥစ္စာသည် တစ်ခါမြင်ဖူးတော့ ခုနားက ညမီးအလင်းရောင်နဲ့စာရေးလိုက်တယ်၊ မီးမုတ်ပြီးနေငြားသော်လည်း စာကျန်နေတယ်။ အလင်းရောင်နဲ့မို့ စာကတော့ ရေးလို့မဖြစ်ဘူးလား။ (ဖြစ်ပါတယ်) ဒီမှာလည်း ဉာဏ်နဲ့မို့ ဖြစ်ပျက်တော့ တွေ့လိုက်တာပဲ။ သဘောကျလား၊ သို့သော် မီးငြိမ်းသွားသော်လည်း စာကျန်ရစ်ခဲ့သလို့၊ ပညာချုပ်သွားသော်လည်း ဖြစ်ပျက်တွေကတော့ ကျန်ရစ်ခဲ့တယ်။ ဘယ်အချိန်ထကြည့်ကြည့် ဖြစ်ပျက်ကတော့တွေ့တာပဲ။ မနက်မှထကြည့်လည်း ဒီဖြစ်ပျက်ကတွေ့တာပဲ။ ရဟန္တာဖြေတဲ့အဖြေမို့ ဒကာ၊ဒကာမတို့ အားကျဖို့ကော မကောင်းဘူးလား။(ကောင်းပါတယ် အရှင်ဘုရား)။ ဒါဖြင့် တစ်ချက်မှ မတွေ့တဲ့သူကျတော့ အမှောင်ထဲမွေး အမှောင်ထဲသေပဲ။ ဒီလို ဆရာကောင်း သမားကောင်းနဲ့လည်းတွေ့၊ ဒီလို ဥပမာတွေနဲ့ အရှင်နာဂသေနမထေရ်နှင့် မိလိန္ဒမင်းကြီး၏ အမေးအဖြေတွေကလည်း အင်မတန်အဖိုးတန်တဲ့ အဓိပ္ပာယ်ကိုကော ရှင်းပါလား။ ဒါဖြင့် ဘာဝနာကံတွေကတော့ ချုပ်သလား၊ (မချုပ်ပါဘူး အရှင်ဘုရား၊)၊ အဲ ဉာဏ်သာချုပ်သွားတာနော်၊ အဲတဲ့ ဘယ်အချိန် ဉာဏ်ဖြင့်ဂရုစိုက်လိုက် စိုက်လိုက်တဲ့၊ တွေ့နေတာပဲ။ ဒါသည် ဘာဝနာကံတွေကတော့ဖြင့် ကျန်နေတာမလား။ (ဟုတ်ပါတယ်အရှင်ဘုရား)။ အဲ့တဲ့။ ဘာဝနာကံတွေက ကျန်နေတယ်။ (မှန်ပါအရှင်ဘုရား)၊ ဒကာ၊ ဒကာမတို့ ရှေ့ဦးစွာ ဘာလိုပါလိမ့်ဗျာ။ (တစ်ချက်တွေ့ဖို့အရေးကြီးပါတယ်အရှင်ဘုရား) ။ အားလုံး ဒကာ၊ ဒကာမတို့ ရှေ့ဦးစွာ ဘာလို့ပါလိမ့်၊ ဘာလိုပါလိမ့်ဗျာ။ (တစ်ချက်တွေ့ဖို့အရေးကြီးပါတယ်အရှင်ဘုရား) ။ တစ်ချက်မှ မတွေ့လို့ရှိရင် အမှောင်ထဲမွေး အမှောင်ထဲမှာပဲ သေသွားရမှာစိုးလို့ တစ်ချက်တော့ မြင်အောင်ကြည့်စမ်းပါ။ တွေ့အောင်ရှာစမ်းပါ၊ တွေ့အောင်ရှာစမ်းပါလို့ သေသေချာချာပြောရတယ်၊ မရှာတတ်လို့ရှိရင် ဆရာဘုန်းကြီးကို လာမေးပါ။ ရှာနည်းကိုနေ့တိုင်း ပေးနေတဲ့အတွက် ခင်ဗျားတို့ကိုယ်တိုင်လည်း ရှာပါ။ ဉာဏ်မျက်လုံးကလေးရပါစေတော့လို့ ပြောနေတာ၊ ဒီဉာဏ်မျက်လုံးမှ မရရင်တော့ဖြင့် ဘာဝနာကံတွေ၏ အကျိုးဆက်ဖြစ်တဲ့ အနိစ္စတွေကော တွေ့စရာ မြင်သေးလား ၊(မမြင်တော့ပါဘူး အရှင်ဘုရား)။ မမြင်တော့.. မမြင်ဘဲနဲ့သေရတော့ ဉာဏ်မျက်လုံး ဘယ်အချိန်မှ ပါမသွားဘူးဆိုတဲ့အဓိပ္ပာယ် ဆုံးဖြတ်ချက်ချရင် မရဘူးလား။ (ရပါတယ် အရှင်ဘုရား)။ ဒီတော့ ဒီအထဲ တရားနာလာကြသည့် ပုဂ္ဂိုလ်တွေသည် တို့ ဆရာဘုန်းကြီးသည် တစ်ချက်မြင်ရင်ဖြင့် ကျေးဇူးများပေါ့လို့ ဟောနေတာ။ တစ်ချက်ပင် ကြိုးစားပြီး ရှုမယ်ဆိုတော့ ခင်ဗျားတို့အတွက်မှာဖြင့် အလွန်ကောင်း။ တစ်ချက်ကလည်း တစ်ချက်မြင်လိုက်တယ်ဆိုတော့ အဝိဇ္ဇာချုပ်သွားတယ်၊ အဝိဇ္ဇာက မှောင်နေတာကိုးဗျ။ မီးတည်းဟူသော ပညာကထွန်းလိုက်တဲ့အခါကျတော့ အမှောင်ပျောက်မသွားဘူးလား။ အမှောင်ကွယ်တော့ ဒါဖြင့် အရှိကိုမြင်ရတာကိုး။ ကိုစောမောင် ဒီခန္ဓာမှာ အမှောင်ကွယ်တော့ အရှိကို မြင်ရဲ့လား၊ (မမြင်ပါဘူး အရှင်ဘုရား)။
ခင်ဗျားတို့ အနိစ္စမတွေ့ခဲ့ကြတာဟာ ရိပ်မိပြီလား၊ မီးကို တစ်ခါမှ မထွန်းခဲ့ကြလို့။ သဘောကျလား၊ မီးကို တစ်ခါမှမထွန်းခဲ့ကြတော့ အနိစ္စတွေ့သေးရဲ့လား။ အနိစ္စမှ မတွေ့တဲ့ သူသည် အနိစ္စကို မုန်းတဲ့ နိဗ္ဗန္ဒဉာဏ်ကို တက်ဖို့ ဘယ်နှယ့်လဲ။(မဖြစ်နိုင်ပါဘူး အရှင်ဘုရား)။ ဒီတော့ အနိစ္စ အဆုံးဆိုတဲ့ နိစ္စနိဗ္ဗာန်ကိုရော ရောက်ပါအုံးမလား။
ဪဒါဖြင့် ဆရာဘုန်းကြီး စိုးရိမ်တယ်ဆိုတာ စိုရိမ်းသင့်တယ်။ ဪ် တို့ တော်တော်သေးရဲ့ဆိုတာ ခင်ဗျားတို့ ဝမ်းသာကြပါ။ မသာသင့်ဘူးလား။ ကိုစောမောင် ဝမ်းမသာသင့်ဘူးလား၊ (ဝမ်းသာသင့်ပါတယ် အရှင်ဘုရား)။ တသံသရာလုံး ဘယ်တော့မှ အလင်းမရခဲ့ဘူးဆိုတာပေါ်ပလား။ (ပေါ်ပါပြီ အရှင်ဘုရား)။ စားချင်တဲ့ စိတ်ကလေးပျောက်သွားပုံ၊ ယားတဲ့စိတ်ကလေး ဒီနေရာမှာ ယားပြီး ဒီနေရာမှာ ပျောက်သွားပုံ၊ နာတဲ့စိတ်ကလေး ဒီနေရာတင် နာပြီး ဒီနေရာတင် ပျောက်သွားပုံ ဒီနေရာတင်ပေါ်ပြီး ဒီနေရာတင် ပျောက်သွားတဲ့သဘောလေးတွေကို နှလုံးမသွင်းတဲ့ဘဝတွေ အင်မတန် မများခဲ့ဘူးလား? (များခဲ့ပါတယ် အရှင်ဘုရား)။ ဒါဘယ်နှဲ့ကြောင့် နှလုံးမသွင်းခဲ့ရတဲ့ ဘဝတွေများခဲ့ပါသလဲဆိုတော့ ဝိဇ္ဇာဝင်ခွင့်ရရဲ့လား၊ (မရပါဘူး အရှင်ဘုရား) အဝိဇ္ဇာက ဖုံးထားတော့ ဝိဇ္ဇာဝင်ခွင့်မရဘူး။ အဝိဇ္ဇာက အကုန်ဖုံးထားတော့ အဝိဇ္ဇာကချယ်လှယ်တော့မှာပဲ။ ဒီတော့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ။ ဒါတော့ သူ့ကြောင့်ဖြစ်တဲ့ ဝိညာဏ်နဲ့ ဝိညာဏ်က နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာနဲ့ ဆိုပြီး သကာလ သူ့အကြောင်းပဲ ပြန်မလှည့်ပေဘူးလား။ အာသဝ သမုဒ္ဒယာ အဝိဇ္ဇာသမုဒ္ဒယောဆိုပြီး ပြန်မဝိုင်းပေဘူးလား ? (ဝိုင်းရပါတယ် အရှင်ဘုရား)။ အဲ အဝိုင်းပြေးဘဝနဲ့ အမှောင်ထဲမှာနေခဲ့ရတယ်ဆိုတာ သဘောကျပါလား။ အဝိုင်းပြေးဆိုတာ လမ်းရှာမတွေ့တာ။ ဒီလမ်းပဲ ပတ်ပြေးနေတော့တာပဲ။ ဒီအဝိုင်းကလမ်းမှတစ်ပါး ကျန်းတဲ့လမ်းကကော ပြေးသေးရဲ့လား၊ (မပြေးတောပါဘူး အရှင်ဘုရား) အဲဒီတော့ ဒီအိုလမ်း၊ နာလမ်း၊ သေလမ်း မှတစ်ပါး တစ်ခြားလမ်းမပြေးတော့ဘူး။ ဒကာ၊ ဒကာမတို့ ဒီအဝိုင်းတွင်းမှာပဲ လှည့်ပြေးနေတာပဲဆိုတာ သဘောကျပလား?( သဘောကျပါတယ် အရှင်ဘုရား)။ အဝိုင်းထဲ့လှည့်ပြီးတော့ ပြေးရပါစေတော့ ဆိုတာ အိုခြင်းဆိုး၊ နာခြင်းဆိုး၊ သေခြင်းဆိုးနဲ့ ပြေးနေတာမလား။ အဲဒါလည်း ဆရာဘုန်းကြီးနဲ့ တွေ့တဲ့အချိန်မှာ အလွန့်အလွန်စိုးရိမ်ပြီးသကာလ ဉာဏ်အလင်းကလေး ရအောင်ယူလိုက်စမ်းပါ။ အမှောင်ထဲ အဝိုင်းပြေးနဲ့ အအိုးဆိုး၊ အနာဆိုး၊ အသဆိုးတွေနဲ့ မနေပါနဲဆိုတာ မတိုက်တွန်းသင့်ဘူးလား။ (တိုက်တွန်းသင့်ပါတယ် အရှင်ဘုရား)။ ဘာအရေးကြီးတုံးဆိုတော့ ပညာတစ်စုံပေါ်ဖို့ အရေးကြီးတယ်။ ပညာတစ်စုံဆိုတာ ဘာဝနာရဲ့ အကျိုးဆက်ပါပဲ။ အဲဒီဘာဝနာကံတွေကြောင့် ခင်ဗျားတို့ ဘယ်အချိန်ပဲ ရှုရှု၊ ဖြစ်ပျက်ကလေးတွေ တွေ့နေမှာပဲ။ တွေ့လို့ရှိရင်တော့ ဒကာ၊ဒကာမတို့ မှတ်ပေတော့။ ဒါသည် အာရုဏ်တက်ပါကော။ ဆက်လက်ပြီး ဖြစ်ပျက်ကလေးကို မုန်းအောင်ရှု ၊ ဆုံးအောင်ရှုလိုက်လို့ ရှိရင်တော့ဖြင့် ဆုံးအောင်ရှုတယ်ဆိုတာ ဒုက္ခအဆုံးကို မြင်တဲ့မဂ်ဉာဏ်မရလား။ မဂ်ဉာဏ်ရလို့ရှိရင်ဖြင့် အော် တို့မှာနေအလင်းထွက်ပေါ့ဟဲ့။ အကောင်းအဆိုး ရွေးတတ်ပေါ့ ဆိုတာ အဲဒီပုဂ္ဂိုလ်အတွက် မျက်စိနှစ်ကွင်းအလင်းရသွားတာပဲ။ ဒါမှမဟုတ်ရင် ဒို့ ဒကာ၊ဒကာမတွေမှာ စုံလုံးကန်းမွေး၍ စုံလုံးကန်းပြီးသေတာ။ မဆိုထိုက်ဘူးလား။ ဘာတုံး။ ( စုံလုံးကန်းမွေးပြီး စုံလုံးကန်းသေတာ။ )။ ခုနားက ဖြစ်ပျက်မမြင်လို့ ရှိရင်လေ။ ဒါကြောင့် ဘုန်းကြီးကလည်း ကျန်းကျန်းမာမာရှိတုံး၊ ဒကာ၊ဒကာမတွေကလည်း ကျန်းကျန်းမာမာရှိတုံးမှာ ပညာမှတစ်ပါး ကိုးစားရာမရှိလို့ ဒီဖြစ်ပျက်မြင်တဲ့ပညာဖြင့်ရအောင်ကြိုးစားပါဆိုတာ တိုက်တွန်းရတယ်။ မတိုက်တွန်းရဘူးလား? (တိုက်တွန်းရပါတယ် အရှင်ဘုရား)။ ဒါဖြင့် ဒကာ၊ ဒကာမတို့သည့် ပညာရှိတဲ့အချိန်မှာ ဘုန်းကြီးပြောတဲ့အတိုင်း အင် ဒီနေရာလေးမှာ ပေါ်တယ်၊ ဒီနေရာလေးတင်ပျောက်တယ်ဆိုတာကို ဘယ်စိတ်ပေါ်ပေါ်၊ ဘယ်ဝေဒနာပေါ်ပေါ် အော် ဒီနေရာလေးပေါ်ပြီး ဒီနေရာပျောက်သွားတာကိုးဆိုပြီး လျှပ်စီးလင်းသလိုပဲ။ ဖျက်ဆို တိမ်ကြားလင်းပြီး တိမ်ကြားပျောက်သွားတာပဲ။ ဒကာ၊ဒကာမတို့ ကျောကုန်းမှာ ယားတဲ့စိတ်ကလေးပေါ်တယ်၊ အဲဒီစိတ်က ကျောကုန်းတင်ပဲ ပျောက်ရတာပဲမလား။ ဒီလိုပဲ ပေါ်တဲ့စိတ်ကလေးက ပေါ်တာနဲ့ ပေါ်တဲ့နေရာပဲ ပျောက်ဆိုတာ သဘောကျပလား။သို့သော် ဒကာ၊ ဒကာမတွေ မတွေ့တဲ့အခါကျတော့ ယားတာသည် ဆက်လာတယ်။ ဟိုဟာ ယား ဒီဟာ ယားဖြစ်လာတယ်လို့ ယားတာတွေ ဆက်တယ်လို့ မထင်ကြပေဘူးလား။ အဲဒါလွဲတာပဲ။ ဒကာ၊ဒကာမတို့။ အဲဒါ စစ်မှန်တဲ့ ပရမတ်မဟုတ်ပါဘူး။ သဘောကျလား။ ဒါကြောင့် ဒီနေရာပေါ်ပြီး ဒီနေရာပျက်တယ်ဆိုတာ သေချာမှတ်ပါ။ ဒီနေရာပေါ်ပြီး ဒီနေရာပျက်တယ်ဆိုတာ အဝိဇ္ဇာနေရာ ဝိဇ္ဇာဝင်လာလို့ ဪ်.. ဖြစ်ပျက်အနိစ္စပါလား ဆိုတာ။ ဝိဇ္ဇာလည်း ဝင်လာပါရော ဒကာ၊ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် အစကနေပျက်သွားတယ်။ အစကချုပ်တော့ နေရာကျလိုက်တာ။ အစက ချုပ်လို့ရှိရင်ဖြင့် သင်္ခါရချုပ်၊ ပဋိသန္ဓေ ဝိညာဏ်ချုပ်တယ်။ ဒီတော့ ဒီအလုပ်က သံသရာစခန်းသတ်တဲ့အလုပ်ပါလားဆိုတာ သဘောကျပလား။ (မှန်ပါ အရှင်ဘုရား)။ သံသရာ စခန်းသတ်တဲ့အလုပ်။ သံသရာဆိုတာသည် ဒကာ၊ဒကာမတို့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ တစ်စိတ်ပြီး တစ်စိတ်ပေါ်နေတာ၊ တစ်ရုပ်ပြီး တစ်ရုပ်ဖြစ်နေတာ ဘာဆိုကြမလဲ။ (သံသရာပါ အရှင်ဘုရား)။ အဲဒီသံသရာတစ်ခုလုံး ဘာသစ္စာလဲ? ။ ဒုက္ခသစ္စာပါအရှင်ဘုရား။ ဒုက္ခချုပ်တယ်ဆိုတာ သဘောကျပလား? (ကျပါတယ် အရှင်ဘုရား)။ အိုတာ၊ နာတာ၊ သေတာ တွေရော ချုပ်တယ်ဆိုတာ သဘောကျပလား (ကျပါတယ် အရှင်ဘုရား)။ အဲဒါဖြင့် ဆရာဘုန်းကြီး တရားဟောနေတာသည် ဘယ်အကျိုးငှာဘာလိမ့်ဆိုတော့ ပေါ်ပလား။ (ပေါ်ပါတယ်အရှင်ဘုရား)။ တို့သန္တာန်မှာ ရှိတဲ့ ဒုက္ခတွေ အကုန်ချုပ်အောင်လို့ဟဲ့ ဉာဏ်ပေးနေတယ် ဆိုတာ ပေါ်ပလား။? ဖြစ်ပျက်ကို မြင်တဲ့ ဉာဏ်သည် ဝိဇ္ဇာလား၊ အဝိဇ္ဇာလား၊ ဝိဇ္ဇာလာတော့ ဘယ်သူချုပ်သတုံး။ (အဝိဇ္ဇာချုပ်ပါတယ် အရှင်ဘုရား)။ အဝိဇ္ဇာတင်ချုပ်သလား သူ့နောက်ကတန်းကြီးကော ချုပ်သလား။ (ချုပ်ပါတယ် အရှင်ဘုရား)။ ဪ ဒကာ၊ဒကာမတို့ နေရာကျလိုက်တာ။ အဝိဇ္ဇာချုပ်သွားတာ သူ့နောက်က သင်္ခါရတွေ၊ ဝိညာဏ်တွေပါ တစ်တန်းတည်း ချုပ်ကုန်တယ်။ တဏှာတို့ ၊ဥပါဒါန်တို့ ၊ကံတို့၊ နောက်ဇာတိ၊ ဇရာ၊ မရဏတို့ကောချုပ်ကုန်တယ်ဆိုတော့ တော်တော်နေရာကျလိုက်တာ။ ဒါဖြင့် ဆရာဘုန်းကြီး ကယ်တင်နေတာသည် အသေလွတ် ဟုတ်လား၊ အလင်းရ၊ အမှောင်မှလွတ်ပြီးသကာလ၊ အိုနာသေ မွေးကွဲတွေလည်း တို့နဲ့ မဆက်သွယ်ရအောင်လို့ ဒီအလုပ်ကို လုပ်ခိုင်းတာပဲ ဆိုတာ ကောင်းကောင်းပေါ်ပြီလား။
မဟာဝဂ္ဂသံယုတ် သတိပဋ္ဌာန်ပါဠိတော်မှာ သတိပဋ္ဌာနကတစ်မျိုး။ သတိပဋ္ဌာနဘာဝနာကတစ်မျိုး။ (၁)နံပါတ်က ဘာလဲ။ (သတိပဋ္ဌာနပါ)၊ (၂) နံပါတ်ကရော။ (သတိပဋ္ဌာနဘာဝနာပါ)။ ကောင်းပြီတဲ့။ ခင်ဗျားတို့ သန္တာန်မှာ။ သွားချင်တဲ့စိတ်ကလေးပေါ်လာတယ် ကိုစောမောင်ရ။ သွားချင်တဲ့စိတ်ကလေးပေါ်လာတယ်ဆိုတော့ ငါသွားချင်လိုက်တာတော့ သူသိတယ်၊ သွားချင်တဲ့စိတ်ကလေးပေါ်လာတာကို သွားချင်တယ်လို့ သူဟာသူ မသိဘူးလား( သိပါတယ် အရှင်ဘုရား)။ အဲသွားချင်တဲ့စိတ်ကလေးပေါ်လာတဲ့အခါကျတော့ ငါ့သွားချင်လိုက်တာလို့ မပြောကြဘူးလား။ အဲ သွားချင်တာကို သွားချင်မှန်းသိတာသည် သတိပဋ္ဌာနပဲ။ သွားချင်တာကို သွားချင်ပါမှန်းသိရင် ဘာလဲ။ (သတိပဋ္ဌာနပါ အရှင်ဘုရား)။ ဘာဝနာဖြစ်လား၊ မဖြစ်ဘူးတဲ့။ ဒကာ၊ ဒကာမတို့ ဘာဝနာ မဖြစ်ဘူးတဲ့။ သွားချင်တာကို သွားချင်မှန်းသိတာနဲ့ ဘာဝနာမဖြစ်ဘူးတဲ့။ ဒါသေချာမှတ်ပါ။ ဒါ အလုပ်စခန်းကို ဟောနေတယ်။ သွားချင်တဲ့စိတ်ကလေးဖြစ်တာကို သွားချင်တဲ့စိတ်ကလေးဖြစ်တယ်လို့ သိတာသည် သူသတိရှိလို့ သိတာဆိုတာ့ သတိပဋ္ဌာနတော့ဖြစ်တယ်၊ သတိပဋ္ဌာနဘာဝနာတော့မဖြစ်ဘူး။ ဘာကြောင့် ဘာဝနာမဖြစ်ပါရသလဲလို့ အမေးထုတ်တဲ့အခါကျတော့ သွားချင်တဲ့စိတ်ကလေး ဖြစ်တာကိုသာ သူသိတယ်၊ သွားချင်တဲ့စိတ်ကလေးဖြစ်ပြီး ဤနေရာမှာတင် သူချုပ်တယ်ဆိုတာ သိရဲ့လား၊ (မသိပါဘူး အရှင်ဘုရား)။ ဒါကြောင့် ဘာဝနာမဖြစ်ဘူး။ ဝေဒနာကို ဝေဒနာမှန်းသိရင် သတိပဋ္ဌာန။ ဝေဒနာ၏ ဖြစ်မှု ချုပ်မှုကို သိရင် သတိပဋ္ဌာနဘာဝနာ၊ ဝေဒနာပေါ်တာကို ဝေဒနာပဲလို့ သိရင် ဘာတုံး (သတိပဋ္ဌာန)ပါအရှင်ဘုရား။ ဝေဒနာပေါ်တာကို ဒီဝေဒနာ ဖြစ်လည်းဖြစ်တယ်၊ ပျက်လည်းပျက်တယ်ဆိုတာကိုသိရင် ဘာတုံး (သတိပဋ္ဌာနဘာဝနာ)ပါအရှင်ဘုရား။ ဒါကြောင့် ဒကာ၊ဒကာမတွေကို သတိပဋ္ဌာနနဲ့တင် မနေပါနဲ့။ သတိပဋ္ဌာနဘာဝနာဖြစ်အောင် ကြိုးစားအားထုတ်ပါဆိုတာ တိုက်တွန်းရတယ်။ သတိပဋ္ဌာနက ဘာဝနာကို ကျအောင် လုပ်ပါ ဆိုတာ မတိုက်တွန်းသင့်ဘူးလာား။ (တိုက်တွန်းသင့်ပါတယ် အရှင်ဘုရား)။ ဒါဖြင့် ဒကာ၊ ဒကာမတို့ သန္တာန်မှာ ဘယ်စိတ်ပေါ်ပေါ် ကောင်းကင်ကလျှပ်စစ်လိုပဲ နေရာမရွေ့မလျားဘဲနဲ့ ဤနေရာ၌ပေါ်၍ ဤနေရာတင်ပျောက်တာပဲဆိုတာလေးကိုဖြင့် ဘယ်စိတ်ပေါ်ပေါ်နှလုံးသွင်းပါ။ ဘယ်စိတ်ပေါ်ပေါ် နှလုံးသွင်းပါဆိုတော့ စိတ္တာနုပဿနာမဖြစ်ဘူးလား။ ဖြစ်ပါတယ် အရှင်ဘုရား။ (ဖြစ်ပါတယ် အရှင်ဘုရား) ။ ဒီစိတ်သည် ဝေဒနာနဲ့ကော ကင်းရဲ့လား။ မကင်းရင် ဝေဒနာလည်း စိတ်နဲ့မှီတွယ်ပြီးဖြစ်ရတော့ ဝေဒနာလည်း ပါတယ်။ သညာရော မပါဘူးလား (ပါပါတယ်အရှင်ဘုရား) ပါတော့ ဓမ္မနုပဿနာလည်းပါသွားတယ်။ ကာယနုပဿနာလည်း ပါတာပဲတဲ့။ စိတ်ရုပ်ဖြစ်တယ်ဆိုမှတော့ဖြင့် စိတ်ချူပ်ရင်လည်း ရုပ်ကကော မပါလား။ (ပါပါတယ် အရှင်ဘုရား)။ အဲဒါကြောင့် အကုန်တော့ဖြင့် လိုက်မနေပါနဲ့။ ပါတာကို ဆရာဘုန်းကြီးက သိအောင်လို့သာပြောတာ။
စင်စစ်ကတော့ဖြင့် ကိုယ့်ဉာဏ်နဲ့တည့်တာကဒီစိတ်ကလေးပေါ်လာတယ်။ ဒီစိတ်ကလေး ဒီနေရာပေါ် ဒီနေရာပျောက်တယ်ဆိုတဲ့ ဘာဝနာလေးဖြင့် နောက်ကလိုက်ဖြစ်အောင်လိုက်ပါ။
ဘယ်စိတ်ပေါ်ပေါ် နောက်က ပေါ်လည်းပေါ်တယ် ပျောက်လည်းပျောက်တယ်ဆိုတာ လိုက်ပါ။ ဘာခေါ်ကြမလဲ၊ (သတိပဋ္ဌာနဘာဝနာ)။ အဲ သတိပဋ္ဌာနဘာဝနာ။ သတိပဋ္ဌာနဘာဝနာဖြစ်မှသာလျင် မဂ္ဂင်ဆိုက်တယ်။ သဘောကျပလား။ သတိပဋ္ဌာနဘာဝနာဖြစ်တော့ ဘာလို့ မဂ္ဂင်ဆိုက်သလဲဆိုတော့။ ဤနေရာမှာ စိတ်ကလေးတစ်ခုဖြစ်သွားတယ်၊ ဤနေရာမှာ ချုပ်သွားတယ်မဆိုနိုင်ဘူးလား။ ထိုသူသည် သတိထားတဲ့ ပုဂ္ဂိုလ်မို့ ဖြစ်တိုင်းလည်းသိ၊ ပျက်တိုင်းလည်းသိ ဆိုတော့ သတိကော မပါဘူးလား။ သမာဓိမရှိတဲ့ပုဂ္ဂိုလ်ဖြင့် ဘယ်လောက်ပဲ ဖြစ်နေပျက်နေ သူသိပါ့မလား၊ (မသိပါ အရှင်ဘုရား)။ ဒီတော့ သမာဓိရှိတဲ့ ပုဂ္ဂိုလ်မို့ ထစ်ခနဲဆို သိတာပဲ၊ ထစ်ခနဲဆို သိတော့ သမာဓိ ပါ၊ မပါ၊ (ပါပါတယ်အရှင်ဘုရား)။ ဒီတော့ ကောင်းပြီး သတိမဂ္ဂင်လည်းပါ၊ သမာဓိမဂ္ဂင်လည်းပါ။ ဒကာ၊ဒကာမတို့ အိမ်မှာနေကြငြားသော်လည်း ဝီရိယစိုက်ပါနော်၊ ကိုယ့်သန္တာန်ဖြစ်တဲ့ တရားကလေးဟာ ဖြစ်ပျက်ကလေးကိုဖြင့် ဝီရိယစိုက်ပါဆိုတော့ ဒကာ၊ဒကာမတို့ ဝီရိယစိုက်တဲ့အခါကျတော့ ဖြစ်ပျက်ကလေးကို မတွေ့ဘူးလား။ (တွေ့ပါတယ်)။ ဒီတော့ ဝီရိယလည်း ပါနေတယ်။ ဒကာ၊ဒကာမတွေ ကြံလုံးနည်းနေတဲ့ပုဂ္ဂိုလ်မှာ ဘယ်လိုဖြစ်ဖြစ်၊ ဘယ်လိုပျက်ပျက် ကြံလုံးပျက်တဲ့ ပုဂ္ဂိုလ်မှာ အဖြစ်အပျက်နဲ့ ဆက်ဆံနိုင်သေးရဲ့လား၊ (မဆက်ဆံနိုင်တော့ပါဘူး) ဒီတော့ သမ္မာသင်္ကေပ္ပလည်း ပါနေတယ်။ ပညာကတော့ဖြင့် ဖြစ်တာလည်း သူသိ၊ ပျက်တာလည်း သူသိတာကတော့ဖြင့် အဝိဇ္ဇာကို ထိုးဖောက်နိုင်လို့ သူသိတာဆိုတော့ အဝိဇ္ဇာကို ထိုးဖောက်တာကတော့ဖြင့် ဘယ်သူပါလိမ့် (ပညာပါ အရှင်ဘုရား)။ ဒါဖြင့် ဘယ်သူသည် ဖြစ်ပျက်အပေါ်၌ ထိုးထွင်းပြီးသိတာလည်းမေးရင် ဖြေနိုင်ကြရဲ့လား။ (ဖြေနိုင်ပါတယ်)။ ဘယ်သူပါလိမ့်။ (ဝိဇ္ဇာပညာပါအရှင်ဘုရား) ။ ဝိဇ္ဇာပညာပဲဆိုတာ သဘောကျပလား။ ပညာက ဒကာ၊ဒကာမတို့ မဂ္ဂင်လိုသုံးတော့ သမ္မာဒိဋ္ဌိ။ ဒါဖြင့် ဒီအထဲ မဂ္ဂင်ငါးပါး ပါမနေဘူးလား။ အဲ မဂ္ဂင်ငါးပါးပေါ်နိုင်အောင်တော့ဖြင့် ဒကာ၊ဒကာမတို့ သတိပဋ္ဌာနဘာဝနာဖြစ်မှပေါ်မယ်။ ဒါဖြင့် ဘယ်စိတ်ပေါ်ပေါ်ဘာလုပ်ကြမလဲ။ (ဖြစ်ပျက်ရှုရပါမယ်) ။ ဖြစ်ပျက်ရှုရင် ဘာဖြစ်တုံး။ (သတိပဋ္ဌာနဘာဝနာဖြစ်ပါတယ်)။ သတိပဋ္ဌာနဘာဝနာဆိုတာ ဘယ်သူ့ကို ခေါ်တာတုံးဆိုတော့ မဂ္ဂင်ကိုခေါ်တာ။ သဘောကျပါလား(ကျပါတယ်အရှင်ဘုရား)။ ဒါကြောင့် မဂ်ဆိုတာ သိရုံနဲ့ ရတာလား၊ အဖြစ်အပျက်နှစ်ခုကို မြင်အောင်ရှုနိုင်မှ ရတာလားတဲ့။ (အဖြစ်အပျက်နှစ်ခုကို မြင်အောင်ရှုနိုင်မှာ ရတာပါ အရှင်ဘုရား)။ ဒါဖြင့် ဒကာ၊ဒကာမတို့ စာမတတ်ပေမယ့် မြင်အောင်ရှုနိုင်ရင် (ရပါတယ် အရှင်ဘုရား)။ စာတတ်ပြီးနေငြားသော်လည်း မြင်အောင်မရှုနိုင်ရင် (မရပါဘူး အရှင်ဘုရား)၊ မဂ်မရဘူး။ သတိပဋ္ဌာနဘာဝနာအလုပ်ကို မလုပ်ခဲ့သော် ဒကာ၊ဒကာမတို့ မဂ်ဆိုက်ပါ့မလား၊ (မရပါဘူး) ။ ရှေ့သွားမဂ်မှ မရဘဲနဲ့ နောက်ရှစ်ပါးပြည့်တဲ့ မဂ်ကောရပါ့မလား( မရပါဘူး အရှင်ဘုရား)။ ဒါကြောင့် ဒကာ၊ဒကာမတို့ နာမရူပပရိစ္ဆေဒကျမ်းကသေချာဆိုတယ်။ နေအာရုဏ်တက်လာတာနဲ့ ဒီမဂ်ငါးခုပေါ်တာနဲ့တူတယ်။ ဒီမဂ်ငါးခုနဲ့ ရှုဖန်များလာတော့ ကိုယ့်စိတ်တွေ အကုန်မမုန်းပေဘူးလား။ (မုန်းလာပါတယ် အရှင်ဘုရား)။ နောက်တော့ ဒုက္ခသစ္စာပဲ မလိုချင်တော့ပါဘူးဆိုတော့ ဒုက္ခလည်း ဆုံးတော့ မဂ္ဂင်ဘယ်နှစ်ပါးဖြစ်သွားလဲ။ (ရှစ်ပါးပါအရှင်ဘုရား)။ အဲ ဒါဖြင့် ဒီက အာရုဏ်မှမတက်ဘဲ ဒီက ရှစ်ပါးနေကထွက်ချင်လို့ ရပါ့မလား၊ (မရပါဘူး အရှင်ဘုရား)။ လောကုတ္တရာမဂ် ဘယ်အချိန်လာမှာတုံးလို့ အမေးထုတ်ဖို့မလိုဘူးလား။ ဒကာ၊ဒကာမတို့ အာရုဏ်ရင့်ကျက်ရင် လာလိမ့်မယ်။လောကီမဂ္ဂင်ငါးပါး ဖြစ်ပျက်ကို မြင်တိုင်းမြင်တိုင်း မဂ္ဂင်ငါးပါးပေါ်လို့ရှိရင် သူ တစ်နာရီနဲ့ ရင့်ကျက်တယ်ဆိုရင် တစ်နာရီကျော်တာနဲ့ပေါ်တော့မှာပဲ။ နာမရူပပရိစ္ဆေဒကျမ်းက လောကီမဂ်ရင့်ကျက်ဖို့ အရေးကြီးတယ်ကွ။ သဘောကျလား (ကျပါတယ်)။ ဘယ်နှစ်ပါး ရင့်ကျက်ဖို့အရေးကြီးလဲ။ (လောကီမဂ္ဂင်ငါးပါး ပါအရှင်ဘုရား)။
သတိပဋ္ဌာနဘာဝနာကို ပွားများဖန်များလာလို့ရှိရင် သူသည် ဖြစ်ပျက်သင်္ခါရကို စွန့်လိမ့်မယ်။ ဖြစ်ပျက်သင်္ခါရကို စွန့်သွားတော့ ဖြစ်ပျက်မရှိတဲ့ဘက်ကို ကူးလိမ့်မယ်။
ပထမတော့ သူဖြစ်ပျက်နဲ့ နေမှာပဲတဲ့။ ရှုဖန်များလို့ သူရင့်ကျက်လာလို့ရှိရင် သူဘာကို စွန့်မလဲ၊ (ဖြစ်ပျက်သင်္ခါရကို စွန့်ပါမယ် အရှင်ဘုရား) အဲဖြစ်ပျက်မရှိတာ နိဗ္ဗာန်၊ သူရင့်ကျက်အောင်လုပ်ဖို့က ကျူပ်တို့တာဝန်။ နိဗ္ဗာန်က ဘယ်အချိန်ရမှာတုံးလို့ မေးဖို့မလိုဘူးလား။ (လိုပါတယ်အရှင်ဘုရား)။ လောကီမဂ္ဂင်ပါးရင့်ကျက်ရင် (ရမှာပါ အရှင်ဘုရား)။
မရင့်ကျက်ရင် (မရသေးပါဘူး အရှင်ဘုရား)။ ငါးမိနစ်အတွင်း ရင့်ကျက်ရင်( ငါးမိနစ်အတွင်း ရမှာပါ အရှင်ဘုရား)။ ဒါဖြင့် ဒကာ၊ဒကာမတို့ ဒီအတိုင်းသာလုပ်လို့ ရှိရင်ဖြင့် မဂ်မရထိုက်တဲ့ ပုဂ္ဂိုလ်လို့ ဆိုလို့ရသေးရဲ့လား။ (မရပါဘူး အရှင်ဘုရား)။ အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ၊ဒကာမတို့ ငါသည် ပါရမီမှရှိပါ့မလား တွေးမနေနဲ့။ ဒုလ္လဘတရား ငါးပါးခဏခဏပြောနေတယ်။ ဘုရားသာသနာနဲ့ ကြုံခြင်းကလည်း ဘာတုံး( ဒုလ္လဘတရား ပါအရှင်ဘုရား)၊ သစ္စာတရားဟောနိုင်တဲ့ ပုဂ္ဂိုလ်နဲ့ ကြုံခြင်းကလည်း ဘာတုံး ( ဒုလ္လဘတရား ပါအရှင်ဘုရား)၊ ထောင်နိုင်တဲ့နားနဲ့ ကြုံခြင်းက ( ဒုလ္လဘတရား ပါအရှင်ဘုရား)၊ အခု ဖြစ်ပျက်ရှုမှုနဲ့ ကြံခြင်းကလည်း ( ဒုလ္လဘတရား ပါအရှင်ဘုရား)။ ဒါဖြင့် ရရမယ်ကွတဲ့။ ဆုကြီးပန်တာမဟုတ်ဘဲနဲ့ ရိုးရိုးသာဝကမှာ သစ္စာတရားနာရပြီး၊ ဒုက္ခသစ္စာကို မြင်အောင်ကြည့်နိုင်ရင် ဘာပါရမီမှ မလိုဘူးကွ။ သစ္စာတရားဟောတတ်တဲ့ ပုဂ္ဂိုလ်နဲ့ကြုံပြီး သစ္စာတရားနာပြီး ကိုယ်ကနှလုံးသွင်းမှန်လို့ သစ္စာကို မှန်စွာနှလုံးသွင်းလိုက်ရင် ပြီးတာပါပဲကွတဲ့ဆိုတော့ ပါရမီပါသေးရဲ့လား (မပါ ပါဘူး အရှင်ဘုရား)။
ကဲ ဒီနေ့ ဒီတွင် တော်ကြစို့။
သာဓု၊သာဓု၊သာဓု
0 comments:
Post a Comment