လက္ခဏာ၊ ရသ၊ ပစ္စပဋ္ဌာန်၊ ပဒဋ္ဌာန်
သဘာဝတရားတို့ကို အခြေခံဖြစ်သော မရမတ္ထတရားတို့ အမှန်တကယ် ရှိကြောင်း စိစစ်ပြနိုင်သော နည်းလေးမျိုးရှိပါတယ် အဲ့ဒါတွေကတော့ လက္ခဏာ၊ ရသ၊ ပစ္စပဋ္ဌာန်၊ ပဒဋ္ဌာန်တို့ ဖြစ်ပါတယ်။
(၁) လက္ခဏာ
သင်္ခါရတရားတို့ကို မြန်မာတို့က လက္ခဏဟု ဝေါဟာရ ပြုထားခြင်းဖြစ်ပါသည်။ ပရမတ္ထတရားတွင် လက္ခဏ နှစ်မျိုးစီရှိပါတယ် (က)သာမညလက္ခဏာ၊ (ခ) သဘာဝလက္ခဏာ၊ တို့ဖြစ်ပါတယ်။
(က)သာမညလက္ခဏာ ဆိုသည်မှာ ပရမတ္ထတရားများနှင့်သက်ဆိုင်သော လက္ခဏာ ဖြစ်ပါတယ် စိတ်နှင့်စေသသိက် ဟူသော နာမ်တရားတို့နှင့် ရုပ်တရား တို့သည် ဖြစ်ပြီးသည်နှင့် ပျက်စီရသဖြင့် မမြဲခြင်းဟူသော အနိစ္စလက္ခဏာ ရှိသည်။ မရမတ္ထတရားတို့သည် အကြောင်းပြည့်စုံ ညီညွတ်လာလျင် ဖြစ်ပေါ်လာသည်ကို မဖြစ်ပေါ်ပါစေနှင့်ဟု မည်သူမျှတား၍မရ။ အကြောင်းမပြည့်စုံပါပဲ ဖြစ်ပေါ်လာစေ ဟူ၍ မည်သည့် ဖန်ဆင်းရှင်ကမျှ ဖန်တီးယူလို့ မရ ဖြစ်ပြီးသည့်နောက် မဖြစ်ပါစေနှင့်လို့ အဘယ်တန်ခိုးရှင်ကမှ တားဆီးလို့မရ ဒီလို အစိုးမရခြင်းကြောင့် အနတ္တလက္ခဏာ ရှိသည်။ ဤသို့ ကိုယ့်အလိုမလိုက် အစိုးမရခြင်း အသာထားအုံး အ၀ိဇ္ဇာ ဖုံးလွမ်းမူ့ကြောင့် မိမိသည်ပင် ယင်းတို့၏ အလိုအတိုင်း စိုးမိုးခံနေရသော သားကောင်းဖြစ်နေမှန်းပင် မသိနိုင်ကြပေ။ ရုပ်နာမ်တို့သည် မမြဲခြင်းနှင့် အစိုးမရခြင်း သဘောဆောင်ထားသည့်အတွက် ကျေနပ်စရာ မရှိ (၀ါ) ဆင်းရဲခြင်း ဒုက္ခလက္ခဏာ ဖြစ်သည်။ ထို့ကြောင့် သာမည လက္ခဏာတွင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်ကြသည်။ ထို့ပြင် ရုပ်တရားအားလုံးတို့သည် ဖောက်ပြန်ခြင်း (ရုပ္ပန) လက္ခဏာ ရှိကြသည်။ စိတ်နှင့် စေသသိက် ဟူသော နာမ်တရားအားလုံးတို့သည် ညွတ်ကိုင်းခြင်း(နမန)လက္ခဏာ ရှိကြသည်။ ရုပ္ပနှင့် နမန တို့သည်လည်း လက္ခဏာများ ဖြစ်ကြသည်။
(ခ) သဘာဝလက္ခဏာ ဆိုသည်မှာ အများနှင့်မဆိုင်ပဲ ကိုယ်ပိုင် အမှတ်အသားဖြစ်ပါသည် ။ ဥပမာ အာရုံကိုသိခြင်းသည် စိတ်၏ ကိုယ်ပိုင်လက္ခဏာ ဖြစ်သည် အာရုံကို တွေ့ထိခြင်းသည် ဖဿ၏ ကိုယ်ပိုင်လက္ခဏာဖြစ်သည် မာခြင်းသဘောသည် ပထ၀ီဓာတ်၏ ကိုယ်ပိုင်လက္ခဏာဖြစ်သည် အာပေါ၊ တေဇော၊ ၀ါယော ဓာတ်များ၏ ဖွဲ့စည်းခြင်း၊ ပူခြင်း၊ လှုပ်ရှားခြင်း သဘောသည်လည်း ကိုယ်ပိုင်လက္ခဏာဖြစ်သည် ဤလက္ခဏာများကို သဘာဝလက္ခဏာများဟု ခေါ်ပါသည်။
(၂) ရသ
ရသသည် (က)ကိစ္စရသ နှင့် (ခ)သမ္ပတ္တိရသ ဟူ၍ နှစ်မျိုးကွဲပြားသည်။
(က) ကိစ္စရသသည် ပရမတ်တရားတို့၏ ကိုယ်ပိုင် ပြုမူဆောင်ရွက်သော လုပ်ငန်းကိစ္စဖြစ်သည်။ ဥပမာ မောဟသည် အာရုံရဲ့သဘောမှန်ကို ဖုံးကွယ်ထားခြင်းကိစ္စရှိသည်။ ဒေါသသည် မိမိဖြစ်ရာ ပုဂ္ဂိုလ်နှင့် ဟဒယ ရုပ်ဝတ္ထုတို့ကို လောင်ကျွမ်းစေခြင်း ကိစ္စရှိသည်။
(ခ)သမ္ပတ္တိရသသည် အကြောင်းစုံညီသဖြင့် ဖြစ်ပေါ်လာခြင်း ပြည့်စုံလာခြင်းကို ခေါ်သည်။ ဥပမာ မောဟသည် အာရုံကို ထိုးထွင်းပြီး မသိနိုင်ခြင်း သမ္ပတ္တိရသရှိတယ်၊ ဒေါသကြောင့် ခြေတုန်လက်တုန် အသံတုန်ခြင်းနှင့် မျက်နှာ နီမြန်းလာခြင်းတို့သည် ဒေါသစေသသိက်၏ သမ္ပတ္တိရသ ဖြစ်သည်။
(၃) ပစ္စုပဋ္ဌာန်
ကိစ္စရသကြောင့် ဖြစ်ပေါ်လာသည့် အကျိုးတရား(၀ါ) ညဏ်တွင် ထင်မြင်လာသော သဘောခြင်းရာများကို ပစ္စပဋ္ဌာန်ဟု ခေါ်တယ်။ ဥပမာ အာရုံ၏သဘောမှန်ကို မသိ၍ ကောင်းမွန်ဖြောင့်မှန်စွာ မကျင့်နိုင်ခြင်းသည် မောဟ၏ ပစ္စုပဋ္ဌာန်ဖြစ်သည်။ ဒေါသသည် မိမိနှင့် သူတစ်ပါးကို ဖျက်ဆီးတတ်သည့်တရားဟု စူးစိုက်လေ့လာသူရဲ့ ညဏ်မှာ ရှေးရှူထင်လာပါတယ်။
(၄) ပဒဋ္ဌာန်
အနီးကပ်ဆုံး အကြောင်းတရားကို ပဒဋ္ဌာန်ဟု ခေါ်ပါတယ်။ အကျိုးတရားတစ်ခု ဖြစ်ပေါ်လာရာတွင် အကြောင်းတစ်ခုသာ ရှိသည်မဟုတ်ပါဘူး ဆင့်ကဲဆင့်ကဲ အထောက်အကူပြုတဲ့ အကြောင်းများစွာ ရှိပါတယ် ဥပမာ ဒေါသကို ဖြစ်ပေါ်စေသော အကြောင်းများမှာ အနိဌာရုံနှင့် တွေ့ဆုံခြင်း၊ နှလုံးသွင်းမမှန်ကန်ခြင်း တို့သည် အရေးကြီးသော အကြောင်းနှစ်ရပ်ဖြစ်ကြတယ်။ ဒီနှစ်ရပ်မှာ အနိဌာရုံနဲ့ တွေ့ဆုံနေသော်လည်း နှလုံးသွင်းကောင်းသော ပညာရှိသည် ဒေါသမဖြစ်ချေ၊ ဒါကြောင့် နှလုံးသွင်းမကောင်းခြင်းဟာ ဒေါသရဲ့ အနီးကပ်ဆုံးသော ပဒဋ္ဌာန် ဖြစ်တယ်။
ဒီလို နည်းလေးမျိုးနဲ့ ပရမတ္ထတရားများကို စိစစ်နိုင်ပြီဆိုရင် သဘာဝသဘောတရားများ ထင်ရှားလာပြီး အယူလွဲမူ့မှ ကင်းပြီး စင်ကြယ်ခြင်းဆိုတဲ့ ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်လာပါတယ်။ အနစ်ချုပ်လိုက်ရင်တော့ ကျနောတို့ အဓိက ရှူ့မှတ်ရမှာကတော့ ရုပ်နာမ် တရားတို့ရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တို့ရဲ့ သဘောကို အာရုံမှာ ထင်မြင်လာအောင် သတိထား ၊ ၀ိရိယစိုက်၊ ပညာနဲ့ ကြည့်ရှူ့နေဖို့ပါပဲ ။ နှလုံးသွင်းထားရမှာကတော့ သဗ္ဗေသင်္ခါရ အနိစ္စ အလုံးစုံသော သင်္ခါရ တရားတို့သည် ဖြစ်ပျက်နေကြသည်။ သဗ္ဗေဓမ္မာ အနတ္တ အလုံးစုံသော တရားတို့သည် အစိုးမရ ဆိုတဲ့ ယောနိသော မနသိကာရ ဆိုတဲ့ သင့်တင့်မှန်ကန်သော နှလုံးသွင်းခြင်း ဖြစ်ပါသည်။
0 comments:
Post a Comment